နေပြည်တော် ဒီဇင်ဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေ ဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူပြီးစီးမှုနှင့် ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ပြီးစီးမှု၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် လုပ်ငန်းစီမံကိန်းပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နိုင်ရေးအခြေအနေ၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်မည့်လုပ်ငန်းများကိုသာ လျာထားဆောင်ရွက်နိုင်ရေးအခြေအနေ၊ UNFPA ၏ နိုင်ငံ ခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများနှင့် ဒေသခန့်ဝန်ထမ်းများစာရင်းအား ဝန်ကြီးဌာနသို့ ပြုစုပေးပို့ထားရန်လိုအပ်မှုနှင့် ယင်းသို့ဆောင်ရွက်ထားမှသာ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုများနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်မည့်အခြေအနေ၊ UNFPA အနေဖြင့် ဝန်ကြီးဌာနနှင့် နီးကပ်စွာ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တာဝန်ရှိသူများ တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမင်းဟိန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
