နေပြည်တော် ဒီဇင်ဘာ ၃
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ (၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် “Fostering Disability inclusive societies for advancing social progress” “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး” ဆောင်ပုဒ်အား ယခုနှစ်အတွက် သတ်မှတ်ထားပါကြောင်း၊ မသန်စွမ်းသူများ၏ အရည်အသွေးကိုရယူပြီး နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်အတွက် အသုံးပြုနိုင်ပါက ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် ပညာရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ သင်ကြားမှု၊ သင်ယူမှုပြုနိုင်ရေးအတွက် လိုအပ်သောနည်းပညာနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်းတို့အား နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအစီအစဉ်များကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင် မြို့နှင့် မိတ္ထီလာမြို့များတွင် အကောင်အထည်ဖော်ဆောင်ရွက်ထားပြီးဖြစ်၍ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးတွင် မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်ထားတိုက်တွန်းမှာကြားလိုပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်သည့်အရေးကိစ္စများမှာ လူ့အသိုက်အဝန်းတစ်ခုလုံးနှင့်သက်ဆိုင်သည့် လူမှုဖွံ့ဖြိုးရေးကိစ္စဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသည့် ရှုထောင့်သစ်၊ အမြင်သစ်ဖြင့် နားလည်လက်ခံပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယိုဂူတာရက်စ်၏ သတင်းစကားရုပ်သံနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။ ယင်းနောက် နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူများက ဗုံကြီးသံ (ယိမ်း)၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းသူလေးက မှုံရွှေရည် (အက)၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသားများက အနာဂတ်လမ်း (အဆို) ဖြင့် ဂုဏ်ပြုတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများကို ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ ကပြဖျော်ဖြေကြသည့် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
