ရန်ကုန် နိုဝင်ဘာ ၂၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ(ROSATOM)နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ (Science Festival 2025) တတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ရှိ နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့၌ ကျင်းပသည်။
သိပ္ပံပွဲတော်သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အဏုမြူစွမ်းအင် ဦးစီးဌာနနှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ROSATOM နှင့် ရုရှားနိုင်ငံ National Research Nuclear University MEPhI (Moscow Engineering Physics Institute) တို့မှ တာဝန်ရှိသူများနှင့် ပါမောက္ခများ၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံကျောင်းများမှ ပါမောက္ခများ၊ သုတေသီများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အဆိုပါစင်တာ၌ DIY Science Section အဖြစ် ကိုယ်တိုင်ဖန်တီးနိုင်သော သိပ္ပံနှင့်နည်းပညာရပ်များကို လက်တွေ့ပြုလုပ်ခြင်းပြိုင်ပွဲ၌ အခြေခံပညာကျောင်းသား ကျောင်းသူ ၁၀၀ သည် စက္ကူနှင့် တိပ်များကိုအသုံးပြုပြီး အမြင့်ဆုံး Tower တည်ဆောက်ခြင်းကို အဖွဲ့လိုက်စိတ်ဝင်တစားပျော်ရွှင်စွာ ယှဉ်ပြိုင်ကြသည်။
ထို့နောက် Big-Journey : North Pole ဟောပြောပွဲအစီအစဉ်၌ မြောက်ဝင်ရိုးစွန်းသို့ နျူကလီးယားရေခဲခွဲသင်္ဘောဖြင့်သွားရောက်ခဲ့သည့် မြန်မာကျောင်းသူတစ်ဦး၏ အတွေ့အကြုံများနှင့် MEPhI မှ ပါမောက္ခတစ်ဦးက နျူကလီးယားရေခဲခွဲသင်္ဘောကို ရွေ့လျားမောင်းနှင်စေသည့်အကြောင်းအရာများကို ရှင်းလင်းမျှဝေကြသည်။
မွန်းလွဲပိုင်းတွင် Pathways to Russia: Career Insights: ရုရှားနိုင်ငံသို့ လမ်းကြောင်းများ-အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိအမြင်များဆွေးနွေးခြင်းအစီအစဉ်တွင် ရုရှားတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနေသော မြန်မာကျောင်းသား ကျောင်းသူများက အတွေ့အကြုံများကို အွန်လိုင်းမှ မျှဝေဆွေးနွေးပေးကြသည်။
ညနေပိုင်းတွင် “The Science Movies Alimanac” ရုပ်ရှင်ပြသခြင်းအစီအစဉ်တွင် စွန့်ပစ်စပါးခွံများမှ စီလီကာနှင့် ကာဗွန်ထုတ်ယူကာ အစိမ်းရောင်စွမ်းအင်ဖြစ်သော ဘက်ထရီထုတ်လုပ်မှု၊ အီဂျစ်နိုင်ငံရှိ ငါးလုပ်ငန်းဖွံ့ဖြိုးလျက်ရှိသောဒေသတွင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မှု၊ ရုရှားရေနံကုမ္ပဏီတစ်ခုက မီသိန်းဓာတ်ငွေ့မှ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့် သုတေသနအောင်မြင်မှုတို့ကိုပြသပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပညာရှင်တစ်ဦးစီတို့က ထပ်ဆင့်ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာသူများ၏ မေးခွန်းများကိုဖြေကြားကြကာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
အလားတူ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် နံနက်ပိုင်းကစ၍ “Hackatom” ပြိုင်ပွဲကိုကျင်းပရာ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၁၄၀ ခန့် တက်ရောက်၍ ရုရှား-မြန်မာနှစ်နိုင်ငံမှ ကြီးကြပ်သူများက ပြိုင်ပွဲစည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး မေးခွန်းမေးမြန်းခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြသည်။
ယင်းနောက် အချက်အလက်များပြုစု၍ IT Software Application များ၊ PowerPoints များကို ၂၄ နာရီအတွင်း ရှင်းလင်းတင်ပြနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
သတင်းစဉ်
