Skip to main content

KK Park နယ်မြေအတွင်း Online လိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၂၃၇ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ တရားမဝင်ပြည်ပနိုင်ငံသား ၅၁ ဦးအား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးအပ်

နေပြည်တော် နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံအစိုးရအနေဖြင့် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ ကမ္ဘာတစ်ဝန်းလုံးမှ ကန့်ကွက်ရှုတ်ချလျက်ရှိသော online လိမ်လည်မှုများ နှင့် online လောင်းကစားမှုများ ကျူးလွန်လုပ်ဆောင်ခဲ့ကြသည့် နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းခြင်း၊ တရားမဝင်အဆောက်အအုံများနှင့် online လိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်း၊ တရားမဝင် ပြည်ပနိုင်ငံသားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

online လိမ်လည်မှုများနှင့် online လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထက်ပါနယ်မြေများရှိ Online လိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့ကြသော အဆောက်အအုံများကို အပိုင်း (၃) ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်သည်။ ထိုသို့ ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် အပိုင်း (၃) နယ်မြေအတွင်း online လိမ်လည်မှုများနှင့် online လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ကွန်ပျူတာ ၁၀၀ လုံးအား သိမ်းဆည်းရမိခဲ့သည်။ ၎င်းအပြင် တရားမဝင်အဆောက်အအုံ ၉ လုံးကို ထပ်မံဖြိုချ ဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ အပိုင်း (၃) ပိုင်းတွင် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး ရှိသည့်အနက် ၂၃၇ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း ရှင်းလင်းဖော်ထုတ်မှုများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၁၂ ထပ် အဆောက်အအုံ ၁ လုံး၊ ၃ ထပ် အဆောက်အအုံ ၁၆ လုံး၊ ၂ ထပ် အဆောက်အအုံ ၁၂ လုံး နှင့် ၁ ထပ်အဆောက်အအုံ ၂ လုံး တို့ကို ထပ်မံစစ်ဆေးခဲ့ရာ Online လိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများကို တွေ့ရှိရခြင်းမရှိသည့်အပြင် Online လိမ်လည်မှုလုပ်ငန်းသုံး Computer ၊ Mobile Phone နှင့် ဆက်စပ်ပစ္စည်းများကိုလည်း တွေ့ရှိခြင်းမရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၈၄၇ ဦးနှင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသားစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၂ဝဝ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ယနေ့တွင် တရားမဝင် ပြည်ပနိုင်ငံသား ၅၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသူများကိုလည်း အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၆၈၇ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၂၃၄၃ ဦးကို ပြည်နှင်နိုင်ရေးစစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၆၅၈ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။