နေပြည်တော် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လားရှိုးတက္ကသိုလ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လားရှိုးတက္ကသိုလ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား/ ကျောင်းသူများအား အားပေးစကားပြောကြားသည်။ ယင်းနောက် စာသင်ဆောင်များပြုပြင်နေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လားရှိုးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
