နေပြည်တော် နိုဝင်ဘာ ၂၀
၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၆၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။
ထို့ပြင် ပြပွဲပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲ အမှတ် (၁) မှ (၁၀၀၀)အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
အဆိုပါ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
