ယနေ့မျက်မှောက်ကမ္ဘာတွင် နည်းပညာများ တစ်နေ့တခြား တိုးတက်မြင့်မားလာမှုများနှင့်အတူ ကမ္ဘာ့နိုင်ငံများ၊ ပြည်သူများအား ကောင်းကျိုးများပြုလျက်ရှိသည့်နည်းတူ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုမျိုးစုံတို့ကို အထောက်အကူပြုနေသည်ကို တွေ့ရသည်။ အွန်လိုင်းဒုစရိုက်မှုအမျိုးမျိုးတို့ကြောင့် ကမ္ဘာ့ပြည်သူများ လိမ်လည်လှည့်ဖြားခံနေကြရသည့်အပြင် နိုင်ငံများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုပါ ခြိမ်းခြောက်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင်လည်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုများ ထိုးဖောက်ဝင်ရောက်လာပြီး မြန်မာနိုင်ငံကိုသာမက ဒေသတွင်းနိုင်ငံများကိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကဏ္ဍများတွင် ခြိမ်းခြောက်နှောင့်ယှက်မှုများ ရှိလာသဖြင့် မြန်မာနိုင်ငံအစိုးရသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းလက်တွဲကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိထိရောက်ရောက် အင်တိုက်အားတိုက် တိုက်ဖျက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် အသက်၊ သွေး၊ ချွေးများ၊ ယာဉ်ယန္တရားများ၊ ငွေကြေးများစွာ အကုန်အကျခံ ရင်းနှီးပေးဆပ်၍ ပူးပေါင်းပါဝင် တိုက်ဖျက်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို တိုက်ဖျက်ရာတွင် နယ်စပ်ဒေသများ၊ အထူးသဖြင့် ကရင်ပြည်နယ် နယ်စပ်ဒေသ KK Park နယ်မြေအတွင်း ရှင်းလင်းဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်မှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ညွှန်ကြားထားပြီး မြေပြင်တွင်လည်း လိုက်နာလုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိနှင့် တရားမဝင်လုပ်ငန်းများ လုပ်ဆောင်နေခြင်းရှိ/မရှိတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စတင် ဆောင်ရွက်နေပြီး စစ်ဆေးတွေ့ရှိမှုများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများအား ကျူးလွန်ကြသူများသည် မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှတစ်ဆင့် ဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာကြပြီး အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အဓိက ဦးဆောင်ကျူးလွန်ခဲ့ကြသူများသည် ဆိုရှယ်မီဒီယာများမှတစ်ဆင့် နည်းလမ်းအဖုံဖုံဖြင့် မက်လုံးပေးစည်းရုံးမှုများကြောင့် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံမျိုးစုံတို့မှ လာရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်သည်။
အများစုသည် နိုင်ငံစုံမှ လာရောက်အလုပ်လုပ်ကိုင်ကြရင်း အွန်လိုင်းလိမ်လည် မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှုများ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူများဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ်ခန့်မှစတင်၍ အရှေ့တောင်အာရှနိုင်ငံအချို့တွင် အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာကြသူများဖြစ်သည်။ ထို့နောက် အိမ်နီးချင်းနိုင်ငံအချို့တွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ ကရင်ပြည်နယ်အတွင်းရှိ ကရင်လက်နက်ကိုင်အဖွဲ့များ ခေတ္တစိုးမိုးထားသည့် မြဝတီဒေသသို့ တစ်ဖက်နိုင်ငံမှတစ်ဆင့် နည်းလမ်းပေါင်းစုံတို့ဖြင့် အွန်လိုင်းလောင်းကစားရုံများ၊ အဆောက် အအုံများထူထောင်ကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်လာကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ အဆောက်အအုံများ တည်ဆောက်ကာ အွန်လိုင်းလောင်းကစားမှုများအပါအဝင် တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ တိုက်ဖျက်နှိမ်နင်းခဲ့သည်။ ဖော်ထုတ်ဖမ်းဆီးရမိသူများသည် တရားမဝင် ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ တရားဥပဒေနှင့်အညီ စနစ်တကျစစ်ဆေးပြီး ပါဝင်ပတ်သက်သူ ၅၃၃၈၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အပြင် အဓိကပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးထိန်းသိမ်း၍ သက်ဆိုင်ရာအစိုးရထံ တရားဝင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။
ထို့နောက် အွန်လိုင်းလောင်းကစားမှုများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသသို့ ရောက်ရှိလာပြီး အွန်လိုင်းလိမ်လည်မှုဒုစရိုက်မှုအမျိုးမျိုးတို့ကို ပြုလုပ်လာသောကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံအစိုးရက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး ပြတ်ပြတ်သားသား ချေမှုန်းရှင်းလင်းလျက်ရှိသည်။ နိုင်ငံသူ နိုင်ငံသားများကလည်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
