နေပြည်တော် နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက် ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိမှု ဗဟိုအဆင့် အစည်းအဝေးကို နံနက်ပိုင်းတွင် ဗီဒီယိုကွင်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့နိုင်ငံများတွင် အစွမ်းထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများနှင့် ကုမ္ပဏီ အများအပြားမှ ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ မည်သည့် နိုင်ငံ၊ မည်သည့် ဆေး ကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေး တစ်မျိုးမျိုးတွင်မျှ တတိယအဆင့် လက်တွေ့ စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial) ကို အလုံးစုံ ပြီးမြောက်ခြင်း မရှိသေးပါကြောင်း၊ ထိုသို့ လက်တွေ့စမ်းသပ်သု တေသနပြုမှုများ အောင်မြင်ပြီးစီးပြီး စွမ်းရည်ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်ပေါက်လာပါက မိမိတို့နိုင်ငံတွင် ရရှိထိုးနှံနိုင်ရေးအတွက် အစီအစဉ်များ စနစ်တကျ ချမှတ်ထားပါရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC)၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) များကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့များထံမှ အကြံပြုချက်များရယူကာ စနစ်တကျ ပြင်ဆင် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရကာ အာနိသင်ထက်မြက်ပြီး အရည်အသွေး ပြည့်ဝသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်လာပါက ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများက အပြိုင်အဆိုင် ဝယ်ယူကြမည် ဖြစ်ပါကြောင်း။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး ရရှိစေရေး ပံ့ပိုးမည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိအနေဖြင့် Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင်အာရှဒေသနှင့် အရှေ့ပစိဖိတ်ဒေသ ဆိုင်ရာ ဘုတ်အဖွဲ့ဝင် အဖြစ်ဆောင်ရွက်နေပြီး ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ရရှိနိုင်ရေး အလေးထားဆွေးနွေးထားပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရွေးချယ်ရာတွင်လည်း ရောဂါကာကွယ်နိုင်စွမ်းရည်ထက်မြက်မှု၊ အရည်အသွေး ပြည့်ဝမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စသည့်အချက်များကို သိပ္ပံနည်းကျအထောက်အထား ခိုင်လုံမှုရှိစွာဖြင့် လေ့လာဆန်းစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း၌ ကိုဗစ်-၁၉ ဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲပစ္စည်းများနှင့် ရောဂါ ကာကွယ်ရေး အသုံးအဆောင်များ စသည်တို့ကို လျင်မြန်လွယ် ကူစွာဝယ်ယူရရှိနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်လာပြီးနောက် ဝယ်ယူရာတွင်လည်း အဆိုပါဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှု များဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိလာပါက ရရှိသည့် အရေအတွက်ပမာဏ၊ ကာကွယ်ဆေး၏ ရောဂါကာကွယ် ပေးနိုင်သည့် အချိန်ကာလအတိုင်းအတာ၊ ကာကွယ်ဆေးများ ထားသိုနိုင်ရန်အတွက် အအေးလမ်းကြောင်း စနစ်များ အခြေအနေ၊ လူနာများကို ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါ ကူးစက်နိုင်ချေများပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံ စဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်မည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိ လာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အာနိသင်မပြည့်ဝသည့် ကာကွယ် ဆေးများ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာ နိုင်သည်ဖြစ်သဖြင့် အစား အသောက်နှင့် ဆေးဝါးကပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ကြီးကြပ် စစ်ဆေးမှုနှင့် ပြည်သူများထံ အသိပညာပေးမှု များကိုလည်း လုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ် ပေါက်လာ ပြီးပါကလည်း နိုင်ငံတစ်ဝန်းလုံး ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏ အပေါ်မူတည်၍ အချိန်တိုအတွင်း မပြီးစီးနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လက်ရှိ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်နေရမည်ဆိုသည့် အရေးကြီး အချက်ကိုလည်း ပြည်သူများထံ ဆက်လက်၍ အသိပညာပေးမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ကို ပိုမိုတိုးချဲ့ဖွဲ့စည်း ထားခဲ့ပြီး ပညာရှင်ကြီးများ ထပ်မံထည့်သွင်းကာ ဆက်လက် တိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ကာကွယ်ဆေးအမျိုးမျိုးဆိုင်ရာ နိုင်ငံတကာလေ့လာတွေ့ရှိချက် အသစ်များကို အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ ပေးပို့ကြရမည် ဖြစ်ပါ ကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အသုံးချ သုတေသန များကိုလည်း မဖြစ်မနေ ပိုမိုလုပ်ဆောင်ကြစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် လက်တွေ့ဆောင်ရွက်နိုင်မည့် အကြံပြုချက်များကို ရယူရန်အတွက် ယနေ့ အစည်း အဝေးကို ပြုလုပ်ရခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် ပညာရှင်ကြီးများအနေဖြင့် ပွင့်လင်းစွာ ဆွေးနွေးပြောကြားစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များ COVAX Facility ၏ COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက သက်သာသော ဈေးနှုန်းဖြင့် အချိုးကျဝယ်ယူနိုင်မည့် နိုင်ငံများတွင် မြန်မာနိုင်ငံအကြုံးဝင်ပါဝင်မှု၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အကြံပြုချက်များ၊ ဝန်ကြီးဌာန၏ ကာကွယ် ဆေးသိုလှောင်ထိန်းသိမ်းမှု အအေးလမ်းကြောင်း စနစ်များအခြေအနေ၊ ကာကွယ်ဆေးထိုးနှံ ပေးမည့်သူများအား မွမ်းမံသင်တန်းပြုလုပ်မည့် အစီအစဉ်၊ နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှု ဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ် ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများကို ဖွဲ့စည်းကာ ဆွေးနွေးမှုများပြုလုပ်ထားရှိမှုနှင့် အဆိုပါ ဆွေးနွေးမှုများမှ ထွက်ပေါ်ခဲ့သော အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစား အလိုက် အောင်မြင်မှု အတိုင်းအတာအခြေအနေများ၊ ပုဂ္ဂလိက ကဏ္ဍအနေဖြင့်လည်း အရည်အသွေး ပြည့်ဝသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အခြားသော ကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင် စနစ်တကျထိုးနှံခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ဆန်းစစ် သုံးသပ်ချက်များ၊ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ သုတေသနများ ပိုမိုပြုလုပ်သွားနိုင်ရေး အကြံပြုချက်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်ယခုကဲ့သို့ အကြံပေး ဆွေးနွေးမှုများကို အလေးအနက်ထား သုံးသပ်ကာ ထိုမှတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ လမ်းပြမြေပုံကို ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများ အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းအဖွဲ့တို့ထံ တင်ပြဆောင်ရွက်ခြင်းကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဆိုင်ရာ တိုးတက်မှု အခြေအနေများကို မျက်ခြေ မပြတ်လေ့လာကာ ဝန်ကြီးဌာနထံသို့ အကြံပြုတင်ပြခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စွမ်းရည် ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်ပေါက်ပြီး နောက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှုပမာဏ အပေါ်မူတည်၍ အချိန်ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်သည့်ရောဂါဖြစ်ခြင်း စသည့် အချက်များကြောင့် ပြည်သူများအနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)