Skip to main content

ဟိုင်းကြီးကျွန်းမြို့အနီး၌ တောဆင်ရိုင်းတစ်ကောင် ငဝန်မြစ်ဝကိုရေကူးဖြတ်သန်း၍ အသွားအပြန်ပြုလုပ်နေ

ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီးတွင် နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းက တောဆင်ရိုင်းတစ်ကောင် (၃) မိုင်ကျော်ခန့် ကျယ်သော ငဝန်မြစ်ကို ရေကူးဖြတ်သန်း၍ ဟိုင်းကြီးကျွန်းတစ်ဖက်ကမ်းရှိ ဝါးကုန်းကျေးရွာအုပ်စု စီလောင်ကျေးရွာဘက်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတောဆင်ရိုင်းသည် သစ်တောကြိုးဝိုင်းတည်ရှိရာ မြို့သစ်ကျေးရွာဘက်အခြမ်းမှ မွန်းလွဲ ၂ နာရီခန့် မြစ်အတွင်းသို့ စတင်ဆင်း၍ ရေကူးဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး မြစ်အတွင်းသွားလာနေကြသော စက်လှေသမားများက သစ်တောကြိုးဝိုင်းဘက်ကို ပြန်လည်မောင်းထုတ်ခဲ့သော်လည်း မသွားဘဲစီလောင်ရွာဘက်သို့သာ ကူးခပ်သွားခဲ့ကာ ညနေပိုင်းတွင် စီလောင်ရွာသားပိုင် ဥယျာဉ်ခြံတစ်ခုဆီကို ကမ်းတက်လာခဲ့ပြီး အဆိုပါဥယျာဉ်ခြံအနီးဝန်းကျင်တွင် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ကြာ နေထိုင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် ဟိုင်းကြီးကျွန်းဘက်ရှိ သစ်တောကြိုးဝိုင်းရှိရာသို့ ရေကူးပြန်သွားခဲ့ကြောင်း သိရသည်။

အဆိုပါတောဆင်ရိုင်းအား စီလောင်ကျေးရွာသား အများအပြားလာရောက်ကြည့်ကြသော်လည်း အန္တရာယ်မပြုဘဲ ငှက်ပျောပင်များ၊ အုန်းပင်များအား စားသောက်ကာ ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လှိုင်မျိုးအောင် (ပြန်/ဆက်)