Skip to main content

ခေတ်သစ်ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် နိုဝင်ဘာ ၁၅

ခေတ်သစ်ပြည်သူ့ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဦးအောင်မျိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ခေတ်သစ်ပြည်သူ့ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ဦးအောင်မျိုး ဖြစ်ပါတယ်။ ခေတ်သစ်ပြည်သူ့ပါတီဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံရေးခေါင်းဆောင်ကြီးများရဲ့ နိုင်ငံရေး မျိုးဆက်ပါတီ ဖြစ်ပါတယ်။ လူတွေမှာ မျိုးဆက်မကင်းနိုင်သလို နိုင်ငံရေးမှာလည်း မျိုးဆက်မကင်းနိုင်လို့ ဖြစ်ပါတယ်။ ခေတ်သစ်ပြည်သူ့ပါတီကို အဘိဓမ္မာရေး၊ သဘောတရားရေး မူဝါဒလမ်းစဉ်လုပ်ငန်းစဉ်များနဲ့ ခိုင်မာစွာ တည်ဆောက်ပြီး ပါတီဝင်ကျင့်ဝတ် (၁၀)ပါးကို ခံယူကျင့်သုံးပါတယ်။ ဒါကြောင့် ခေတ်သစ်ပြည်သူ့ပါတီဟာ ထိုက်တန်သူတွေအတွက် တံခါးဖွင့်ထားတဲ့ ပြည်သူ့တပ်ဦးပါတီသာ ဖြစ်ပါတယ်။ ပါတီရဲ့တံဆိပ်ဖြစ်တဲ့ ကမ္ဘာလုံးပေါ်က သေးလတ်ကြီး အနီရောင်ကြယ်သုံးပွင့်မှာ ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးဒီမိုကရေစီရေး ခေတ်သစ်သိပ္ပံ ဆိုရှယ်လစ်လောက နိဗ္ဗာန်ခေတ်သို့ တက်လှမ်းရေးဖြစ်ပါတယ်။ ကြယ်သုံးပွင့်အနီရောင်မှာ ရဲရင့်မှု၊ သွေးစည်းညီညွတ်မှုဖြစ်ပါတယ်။ ပါတီအလံရဲ့ အောက်ခံအစိမ်းနုရောင်မှာ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။

သဘောတရားဟာ လူထုကို ချုပ်ကိုင်မိသည်နဲ့တစ်ပြိုင်နက် ရုပ်ဝတ္ထုအင်အားစုဖြစ်လာတယ်။ Theory becomes a material force when it grips the masses လို့ လူမှုသိပ္ပံတရားက ဆိုပါတယ်။ ဒါကြောင့် ခေတ်သစ်ပြည်သူ့ပါတီက အကြွင်းမဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကို ခံယူပါတယ်။ ပါတီဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌကြီးကတော့ ဦးထွန်းအောင်ကျော်ဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၅) ဦး၊ အရန်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၂) ဦး၊ ဗဟိုကော်မတီဝင် (၁၁) ဦးတို့က ပါတီကို ဦးဆောင်နေပါတယ်။ ဒီကနေ့ ပါတီကို ဧရာဝတီတိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရပ်တည်ထားသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအထိ ဆက်လက်ဖွဲ့စည်းရပ်တည်သွားနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

လမ်းညွှန်သဘောတရား

“အမြင်မှာ မကြည်လင် အလုပ်မှာ မပြတ်သားဘူး သဘောတရားဟာ ကြည်လင်ပြတ်သားတဲ့ အလားအလာကို ပေးတယ်၊ အမှားအမှန်ဆုံးဖြတ်နိုင်စွမ်းကို ပေးတယ်၊ အလုပ်မှာ စိတ်ချမှုကို ပေးတယ်။ နောက်ဆုံး မိမိတို့ခံယူချက်အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပေးတယ်” ဆိုတဲ့အတိုင်း ပါတီရဲ့ လမ်းညွှန်သဘောတရားကို တင်ပြသွားပါမယ်။ ခေတ်သစ်ပြည်သူ့ ပါတီက ခံယူကျင့်သုံးတဲ့ ပြည်သူကိုဗဟိုပြုသော လူမှုသိပ္ပံတရား (၄) ပါး၊ လောကပါလတရား (၄) ပါးနဲ့ ပါတီရဲ့ ပညာနိုင်ငံရေးအလုပ် လမ်းညွှန်တရား (၄) ပါးရှိပါတယ်။ ပြည်သူကို ဗဟိုပြုသော လူမှုသိပ္ပံတရား (၄) ပါးနှင့် လောကပါလတရား (၄) ပါးမှာ -

(၁) လူထုတွေ မပါရင်ဘာမှမလုပ်နိုင်၊ (၂) လူထုရွေးကောက်ပွဲတွေ မပါရင် ဘာမှမလုပ်နိုင်၊ (၃) လူထုတွေရဲ့ အခြေခံအကျိုးစီးပွားနဲ့ ကိုက်ညီမှန်ကန်တဲ့ မူဝါဒလမ်းစဉ်တစ်ရပ်ကို လူထုကို ကင်းကင်းလွတ်လွတ် ရွေးချယ်ခွင့်ပြုရမယ်၊ (၄) အဲဒီလို ရွေးချယ်ခွင့်မပြုရင် လူထုတွေ သူ့လမ်း သူရွေးချယ်သွားလိမ့်မယ်။

ခေတ်သစ်ပြည်သူ့ပါတီရဲ့ ပညာနိုင်ငံရေး အလုပ်လမ်းညွှန်တရား (၄) ပါး

၁။ အကန်းယုံ အရမ်းယုံ မယုံကြဘဲ သိပ္ပံပညာမျက်စိနဲ့သာ ဆင်ခြင်ကြပါစို့။

၂။ ဆင်ခြင်တုံတရားမဲ့ ဆန္ဒစွဲယုံကြည်မှုတွေကို စွန့်လွှတ်ပြီး အသိအလိမ္မာဉာဏ်ပညာကိုသာ အားကိုးကြပါစို့။

၃။ စနစ်တကျလေ့လာသုံးသပ်မှုကင်းမဲ့တဲ့ ဘဝကိုစွန့်လွှတ်ပြီး လေးနက်တဲ့ အဘိဓမ္မာပေါ်မှာသာ အခြေခံကြပါစို့။

၄။ ဆင်ခြင်တုံတရားမဲ့ အစွဲအလမ်းဟောင်းတွေပေါ်မှာ မျက်စိမှိတ် ဆုပ်ကိုင်ထားသူတွေနဲ့စာရင် အရိုးခံသက်သက် သာမန်ပြည်သူတွေကမှ အမှန်တရားနဲ့ ပိုလို့နီးစပ်ပါသေးတယ်။ လူတွေဟာ သင်အံတတ်မြောက်ပြီးသား အဆင်သင့်မွေးဖွားလာခြင်း မဟုတ်ပါ။ လုပ်ရင်းသင် သင်ရင်း တတ်တဲ့ သတ္တဝါသာဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းကြီးဟာ အရေအတွက်အရရော အရည်အချင်းအရပါ ပြောင်းလဲတိုးတက်နေတာ ဖြစ်ပါတယ်။ ဘယ်လိုပင် ကပ်ဘေးအမျိုးမျိုးကို ဖြတ်သန်းခဲ့ရသော်လည်း ရှေးကျောက်ခေတ်လူသားမှ ဒီကနေ့ အဆင့်အတန်းအမြင့်ဆုံးသော အီလက်ထရွန်နစ်နည်းပညာ ခေတ်လူသားအထိ ဖြစ်လာပါတယ်။ အဲဒီလို ပြောင်းလဲတိုးတက်ရာမှာ ရှေးဘုံဝါဒစနစ် (ကျောက်ခေတ်) ကျေးပိုင်ကျွန်ပိုင်စနစ် (သံစပေါ်သောခေတ်) ပဒေသရာဇ် ဧကရာဇ်စနစ် (လက်မှုအတတ်ပညာထွန်းကားလာသောခေတ်) ဒီကနေ့ အရင်းရှင်စနစ် (အဆင့်အတန်း အမြင့်ဆုံးသော အီလက်ထရွန်နစ်နည်းပညာခေတ်) ဖြစ်ပြီး ဆက်လက်ပြီးလည်း ခေတ်သစ်သိပ္ပံဆိုရှယ်လစ်လောကနိဗ္ဗာန်ခေတ်သို့ တက်လှမ်းသွားမှာဖြစ်ပါတယ်။ ဒီကနေ့ဟာ ဈေးကွက်စီးပွားရေးနှင့် အစွမ်းကုန်ဖွံ့ဖြိုး တိုးတက်ရေးကို မဖြစ်မနေကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

မူဝါဒလမ်းစဉ် လုပ်ငန်းစဉ်များ

စီးပွားရေး။ ။ စီးပွားရေးကုန်လုပ်စွမ်းအားစုတွေရဲ့ တိုးတက်ဖြစ်ပေါ်ရေးဟာ လူ့အဖွဲ့အစည်း ရှေ့တန်းတက်လှမ်းရေးရဲ့ အဆင့်အတန်းအမြင့်ဆုံးသော မှတ်ကျောက်ညွှန်လက်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတို့ရဲ့ စီးပွားရေးကုန်လုပ်မှုကို အာမခံချက်ပေးနိုင်တဲ့ တံခါးဖွင့် ဈေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးမယ်။ ပြည်တွင်း ပြည်ပမှာ လွတ်လပ်စွာပြိုင်ဆိုင် ထုတ်လုပ်ရောင်းဝယ်ခွင့်ပြုမယ်။ တိုင်းရင်းသားပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလုပ်ငန်းရှင်ကြီးများ သန်းကြွယ်သူဌေးကြီးများ ပေါ်ထွန်းလာရေးကို ဆောင်ရွက်မယ်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် ပြည်သူတွေ အသိဉာဏ်ရည်မြင့်မားရန် လိုပါတယ်။ အသိဉာဏ်ရည် မြင့်မားရေးအတွက် လူနေမှုအဆင့်အတန်းမြင့်မားရေးလိုပါတယ်။ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် စီးပွားရေးကုန်လုပ်စွမ်းအားစုများ ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။

နိုင်ငံရေး ။ ။ ပြည်သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလွတ်လပ်မှုကို အာမခံချက်ပေးနိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်။ လွတ်လပ်ခွင့်အပြည့်အဝရရှိရေး တူညီသောအခွင့်အရေးရရှိရေး ပြည်သူဆန္ဒအရ အုပ်ချုပ်ရေးဆိုတဲ့ ဒီမိုကရေစီဦးတည်ချက်(၃)ရပ်ကို အကောင်အထည်ဖော် သွားမယ်။ သတင်းမီဒီယာနဲ့ လူမှုမီဒီယာများ လွတ်လပ်စွာဖော်ပြခွင့်ပြု မယ်။

ဘာသာရေး ။ ။ မိမိတို့ ကြိုက်နှစ်သက်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ သာသနာရေး၊ ဘာသာရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုမယ်။ သို့သော် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချ ခွင့်မပြုပါ။

တိုင်းရင်းသားလူမျိုးများအရေး ။ ။ လူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းသော လူမျိုးစွဲဝါဒကင်းရှင်းစွာ တိုင်းရင်းသားလူမျိုးများ တန်းတူညီတူအခွင့်အရေးရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ထူထောင်မယ်။

ပြည်တွင်းငြိမ်းချမ်းရေး ။ ။ လက်နက်ကိုင်ပဋိပက္ခဟာ သေခြင်းတရားလို ရှောင်လွှဲလို့မရတဲ့ အရာမဟုတ်။ ဒါကြောင့် အမျိုးသားသင့်မြတ်စည်းလုံးရေး ခါးသီးနာကြည်းနောင်ကြဉ်စရာ သမိုင်းသင်ခန်းစာကို ယူပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ ထာဝရပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

ကျား/မတန်းတူရေး ။ ။ အမျိုးသား/အမျိုးသမီး ကျား/မ တန်းတူရေးမရှိရင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် အလှမ်းဝေးသွားနိုင်ပါတယ်။ ဒါကြောင့် ခေတ်သစ်ပြည်သူ့ပါတီက အမျိုးသမီးများ ဝန်ဒဏ်သုံးရပ်က လွတ်မြောက်ရေး (CEDAW) စာချုပ်ပါ သဘောတူညီချက်အတိုင်း အမျိုး သမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး၊ ကျား/မ တန်းတူရေးကိုလည်း ဆောင်ရွက်မယ်။

တောင်သူလယ်သမားများအရေး ။ ။စိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံတွင် တောင်သူလယ်သမားလူတန်းစားများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါတယ်။ တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် သိုလှောင်ရောင်းချခွင့်ပြုမယ်။ ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပြုမယ်။ တောင်သူလယ်သမားများအကျိုးကို တောင်သူလယ်သမားများ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူလယ်သမားအစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက် ခွင့်ပြုမယ်။ အဆင့်မြှင့်စက်မှုလယ်ယာ ထူထောင်ရေးကို ကြိုးပမ်းသွားမယ်။

အလုပ်သမား လူတန်းစားများ အရေး ။ ။ လုပ်ငန်းရှင်နဲ့ အလုပ်သမားလူတန်းစားတို့ရဲ့ ပေါင်းစည်း စွမ်းအားဟာ လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ပေါ်ရေးရဲ့ မောင်းနှင်အား ဖြစ်ပါ တယ်။ လုပ်ငန်းရှင်မရှိရင် အလုပ်သမားမရှိနိုင်သလို အလုပ်သမားမရှိရင်လည်း လုပ်ငန်းရှင် မရှိနိုင်ပါ။ ဒါကြောင့် လုပ်ငန်းရှင်နဲ့ အလုပ်သမားပဋိပက္ခဟာ ပေါင်းစပ်ဖြေရှင်းလို့မရတဲ့ ပဋိပက္ခမဟုတ်ပါ။ စီးပွားရေးကုန်လုပ်စွမ်းအားစုများ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အလုပ်သမားများနဲ့ ဆင်းရဲသားများရဲ့ ဘဝဖွံ့ဖြိုးတိုးတက်လာမယ်ဖြစ်တယ်။ အလုပ်သမားများအကျိုးကို အလုပ်သမားများ ဖန်တီးနိုင်ရေးအတွက် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုမယ်။

ကျန်းမာရေး ။ ။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ကြိုးပမ်းသွားနိုင်ရေးအတွက် အဆင့်မြင့်ဆေးရုံ၊ ဆေးပေးခန်းများ ဒေသအလိုက် ဖွင့်လှစ်သွားမယ်။ အဆင့်မြင့် ဆေးပညာရှင်များ ပေါ်ထွန်းလာရန် ကြိုးပမ်းမယ်။ ဆေးပညာသုတေသနလုပ်ငန်းများကို အားပေးမယ်။ တိုင်းရင်းဆေးများ အစွမ်းထက်ရေး၊ တိုင်းရင်းဆေးများ နိုင်ငံတကာအဆင့်မီထုတ်လုပ်နိုင်ရေးကို အားပေးမယ်။ ကျန်းမာရေးကဏ္ဍတွင် ပုဂ္ဂလိကများ လုပ်ပိုင်ခွင့်ပြုမယ်။

ပညာရေး ။ ။ ယနေ့ပညာခေတ်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်သောပညာရေးစနစ်ကို ကျင့်သုံးမယ်။ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသုတေသနလုပ်ငန်းများ လုပ်ကိုင်ပြီး ပညာတော်သင်များ ပြည်ပသို့ စေလွှတ်သင်ယူမယ်။ လူငယ်များ အနိမ့်ဆုံးအခြေခံပညာအထက်တန်း အောင်မြင်နိုင်ရေး ဆောင်ရွက်သွားမယ်။ ပညာရေးကဏ္ဍတွင် ပုဂ္ဂလိကများ လုပ်ကိုင်ခွင့်ပြုမယ်။

ကာကွယ်ရေး ။ ။ ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းဆောင်ရည်မြင့်မားသော မျိုးချစ်တပ်မတော်၊ အမျိုးသားတပ်မတော်၊ ပြည်ထောင်စုတပ်မတော်၊ ပြည်သူ့တပ်မတော်ဖြစ်ရမယ်။

နိုင်ငံခြားရေး   ။ ။      လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးမယ်။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူကြီး (၅) ချက်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးများကို ကျယ်ပြန့်စွာလုပ်ဆောင်သွားမယ်။ နိုင်ငံတကာဗိုလ်ကျစိုးမိုးရေးဝါဒ၊ ကိုလိုနီလက်သစ်ဝါဒများကို ကာကွယ်တိုက်ဖျက်သွားမယ်။ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးများကို ပိုမို ကြိုးပမ်းသွားမယ်။

ကျွန်တော့်အနေနဲ့ နိဂုံးချုပ်တင်ပြရရင်တော့ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ကြိုးပမ်းထမ်းဆောင်အောင်မြင်လာတာနဲ့အမျှ ပြည်သူလူထုအကျိုး ဖြစ်ထွန်းလာတာနဲ့အမျှ ပြည်သူတွေက ပစ်ပယ်မထားဘဲ မေ့လျော့မနေဘဲ ခေါင်းဆောင်ကောင်းများအဖြစ် ပို့ဆောင်ကြမြဲဖြစ်တယ်။ ပြည်သူတို့က မိမိတို့အားကိုးရာ ပုဂ္ဂိုလ်ကောင်းများအဖြစ် ရွေးချယ်လာကြမယ်ဖြစ်တယ်ဆိုတာ ခံယူပြီး ခေတ်သစ်ပြည်သူ့ပါတီက နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ကြိုးပမ်းထမ်းဆောင်သွားမယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ပါတီ၏ သီချင်းစာသား

( ခေတ်စနစ်နဲ့အညီ တိုးတက်ခဲ့လေပြီ x x x x

ရွှေမြန်မာပြည်  ပါတီစုံဒီမိုကရေစီ

ဈေးကွက်စီးပွား တံခါးဖွင့်လေပြီ x x အမျိုးသားအကျိုးစီးပွားဖြင့် မြင့်မားရစေမည်x

တိုးတက်အောင် ... ဖော်ဆောင်မည် x x ခေတ်သစ်မူဝါဒ တူညီ မျှတစွာ x x

လမ်းပြတော့မည် x x

ခေတ်တစ်ခေတ်အတွက် စံနမူနာ အမှန်တူညီ x x ခေတ်အဆက်ဆက်

မြန်ဇမ္ဗူအသံတူညီ x x

( ခေတ်သစ်ပြည်သူ့ပါတီ ) J၊ ဒို့ ခေတ်သစ်ပြည်သူ့ပါတီ x x x )J