Skip to main content

သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တိုးတက်ရေးကြိုးပမ်း

နေပြည်တော် နိုဝင်ဘာ ၁၁

နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြင့်မားရေးအတွက် သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တိုးတက်ရေးလုပ်ငန်းများ မှာကြားဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများနှင့် မျိုး၊ မြေ၊ ရေ နည်းဆိုင်ရာ ပညာပေးဝန်ထမ်း ၅၀၀ ကျော်တို့ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက တောင်သူများထံ နည်းပညာနှင့် သတင်းအချက်အလက်များကို Mobile နည်းပညာဖြင့် အချိန်မီပေးပို့နိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထွက်ရှိမှုဆိုင်ရာ ကိန်းဂဏန်းစာရင်းဇယားများ မှန်ကန်ရေးအပြင် ဒေသတစ်ခုတွင် အောင်မြင်နေသော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအတွေ့အကြုံများကို အခြားဒေသတောင်သူများ လိုက်ပါအသုံးပြုနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် လိုအပ်လျက်ရှိကြောင်း၊ ဖောက်ပြန်ပြောင်းလဲလျက်ရှိသည့် ရာသီဥတုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှုများရှိနိုင်သော်လည်း မိမိတို့ တတ်မြောက်ကျွမ်းကျင်ထားသည့် ပညာရပ်များ၊ အတွေ့အကြုံများကို အခြေခံ၍ တာဝန်ဝတ္တရားနှင့်လျော်ညီစွာ အားထုတ်ကြိုးပမ်းစီမံကြခြင်းဖြင့် တောင်သူများ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးကြိုးပမ်းကြစေလိုကြောင်း။

အလားတူ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေခြင်းသည် ဈေးကွက်ဆုံးရှုံးမှုကိုဖြစ်ပေါ်စေသဖြင့် ပိုးသတ်ဆေးများ လျှော့ချအသုံးပြုနိုင်ရေးကို အသိပညာပေးစည်းရုံးဆောင်ရွက်ရန်လိုကြောင်း၊ ဆည်ရေသောက်၊ မိုးကောင်းသောက်ကမ်းရိုးတန်းဒေသ၊ ခြောက်သွေ့ဒေသနှင့် တောင်ပေါ်ဒေသ စသော ဂေဟစနစ်အမျိုးမျိုးအတွက် သင့်တော်သောသီးနှံမျိုးများကို မွေးမြူရွေးချယ်ရာတွင် တောင်သူလယ်သမားများ၊ ပြည်ပတင်ပို့သော လုပ်ငန်းရှင်များပါဝင်သော မျိုးမွေးမြူရွေးချယ်ရေးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်သွားရန်လိုကြောင်း၊ AI နည်းပညာကို မိမိတို့ ဝန်ထမ်းများ ကျွမ်းကျင်စွာအသုံးပြုတတ်ရေးအပြင် တောင်သူများလည်း AI နည်းပညာနှင့် နီးနီးစပ်စပ်အသုံးပြု တတ်စေရေးကြိုးပမ်းကြရန်လိုကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သိရှိလိုသည်များကို AI တွင် အချိန်မရွေးမေးမြန်းအသုံးပြုနိုင်ပါက တောင်သူအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက အကြောင်းအရာတစ်ခုချင်းအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်