နေပြည်တော် နိုဝင်ဘာ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ချောက်မြို့နယ်ခန်းမတွင် ခရိုင်နှင့် မြို့နယ်အတွင်းဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ နယ်မြေအေးချမ်းသာယာရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်များအားပညာရည်မြင့်မားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ချောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လူငယ်များပညာရည်မြင့်မားရေး၊ အတတ်ပညာရှင်များသာမက အသိပညာဗဟုသုတပြည့်ဝပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည့် အသိပညာပြည့်စုံသူများ၊ ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်စေရေး၊ စာပေလေ့လာဖတ်ရှုပြီး အနာဂတ်နိုင်ငံတော်ကိုအကျိုးပြုမည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် မိဘများ၊ ဆရာ ဆရာမများကလည်း ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများလှူဒါန်းပြီး မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ချောက်မြို့ စက်မှုလက်မှုသိပ္ပံကျောင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအားတွေ့ဆုံ၍ ကျောင်းသားများအား ဘာသာရပ်ကျွမ်းကျင်သူများဖြစ်အောင် သင်ကြားပေးရေး မှာကြားသည်။
ယင်းနောက် ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူများက လက်တွေ့ဆောင်ရွက်နေမှု၊ တီထွင်ဖန်တီး စမ်းသပ်နေမှုများကို လိုက်လံကြည့်ရှုအားပေး ပြီး အမှန်တကယ် တတ်မြောက်အောင်သင်ယူကြရန်၊ လေ့လာဆန်းသစ် တီထွင်မှုများဖြင့် နိုင်ငံကို အကျိုးပြုနိုင်မည့် အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန် မှာကြားအားပေးပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းသည်။
ထို့နောက် အမှတ်(၁၀)ရပ်ကွက် အလင်းစေတမန် စာကြည့်တိုက်၌ စာကြည့်တိုက်ကော်မတီဝင်များ၊ စေတနာရှင်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်တိုးတက်ရေး ဆွေးနွေးမှာကြားပြီး စာကြည့်တိုက်အတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
