Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် မွန်ပြည်နယ်အတွင်းရှိ လမ်းလုပ်ငန်းများနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်နှင့်အတူ ယမန်နေ့က မွန်ပြည်နယ်အတွင်း တည်ဆောက်လျက်ရှိသည့် လမ်းလုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းတို့အား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လမ်းဦးစီးဌာန မော်လမြိုင်မြို့နယ် လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မော်လမြိုင် (ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်းတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ခံအင်ဂျင်နီယာ၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အုတ်စီရေမြောင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်သွားရန်၊ လမ်းဘေးဝဲ/ယာ သစ်ပင်များ စိုက်ပျိုးထားရန်၊ လမ်းဆုံနေရာများအတွက် Design အား ရုံးချုပ်သို့ တင်ပြသွားရန်၊ လုပ်ငန်းများအား စီမံချက်အတိုင်းပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားကာ လမ်းတစ်လျှောက် အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကလိုင်းကနိုင် - ကျောက်တလုံးလမ်းတစ်လျှောက်အား ကြည့်ရှုစစ်ဆေးပြီး အေးကိုကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက်နေ သော မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် လျက်ရှိသည့် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာလမ်းအား ၃၆ ပေ အကျယ်ပြည့်မီရန် ကတ္တရာလမ်း ချဲ့ခင်းခြင်း၊ Box Culvert တံတား သုံးစင်းအား ၄၈ ပေ အကျယ် ပြည့်မီရန် တိုးချဲ့တည်ဆောက်ခြင်း၊ တံတားများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက AADT သတ်မှတ်ချက်နှင့်အညီ သတ်မှတ်လမ်းအကျယ်ရရှိအောင် ဆောင်ရွက်ရန်၊ လမ်းပေါက်များ မရှိစေရေး လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ သတ်မှတ်ချက်များနှင့်အညီ စိုက်ထူဆောင်ရွက်ထားရန် မှာကြားပြီး လမ်းအသုံးပြုခကောက်ခံနေသည့် တိုးလ်ဂိတ်နှင့် ယာဉ်သွားလာမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရန်ကုန် - မန္တလေး အမြန်လမ်း (ရန်ကုန် - နေပြည်တော်ပိုင်း) မိုင်တိုင် ၁၆၇/ ၁ မှ ၁၇၆/၂ ကြား မြေသားလုပ်ငန်းဆောင်ရွက်နေမှု၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေး/သတိပေး ဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်