နေပြည်တော် ဇူလိုင် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ယနေ့တွင် ဖလမ်းမြို့ရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းကို သွားရောက်ကြည့်ရှုကြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ ပညာရပ်များတတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်စေရေး၊ နယ်စပ်ဒေသတွင်နေထိုင်သည့် တိုင်းရင်းသားပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များထက်သန်စေရေး ပြုစုပျိုးထောင်လေ့ကျင့်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ သင်တန်းကျောင်းအတွင်းရှိ သင်တန်းခန်းမ၊ စားရိပ်သာ၊ အိပ်ဆောင်၊ အုပ်ချုပ်မှုရုံးခန်း၊ ဝန်ထမ်းအိမ်ရာများနှင့် သင်တန်းကျောင်းဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကြသည်။
နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဖလမ်း)ကို ၂၀၀၃ ခုနှစ်တွင် ဖလမ်းမြို့ ထေရဝါဒသာသနာပြုဗဟိုကျောင်း၌ ယာယီအကြိုစတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိ ဧရိယာအကျယ်အဝန်း ၇ ဒသမ ၄၅၁ ဧကသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်းနှင့် အလယ်တန်းကျောင်းသားအဆင့်မှ အထက်တန်းကျောင်းပြီးဆုံးသည်အထိ တာဝန်ယူလေ့ကျင့်ပေးသည့် သင်တန်းကျောင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်အကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်အားပေးကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဦးကျော်မင်းအေးက သာမန်ပြုပြင်ခြင်း(Minor Repair)၊ အကြီးစားပြုပြင်ခြင်း(Major Repair)၊ အဆင့်မြှင့်တင်အကြီးစားပြုပြင်ခြင်း (Major Repair and Retrofit)နှင့် အဆောက်အဦအသစ်များ တည် ဆောက်ခြင်းတို့ကိုဆောင်ရွက်ရာတွင် လိုက်နာရမည့်ပြုပြင်ခြင်းဆိုင်ရာ နည်းစနစ်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ သိရှိလိုသည်များကို မေးမြန်းမှုအပေါ် အသေးစိတ်ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးက အကြမ်းဖက်ဖြစ်စဉ်များကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်း ခန့်မှန်းကုန်ကျစရိတ်တန်ဖိုးများကို သက်ဆိုင်ရာဌာနများက ခန့်မှန်းလျာထားပေးပို့ခဲ့ခြင်းဖြစ်၍ အမှန်လုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် သက်ဆိုင်ရာဌာနများမှ အသေးစိတ်ပျက်စီးမှုစာရင်းပူးတွဲလျက် ခန့်မှန်းခြေစာရင်းရေးဆွဲ၍ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ စိစစ်အတည်ပြုချက်ရယူပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြည့်စွက်ပြောကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
သတင်းစဉ်
