Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မြန်မာ - ထိုင်းနယ်စပ် ရေကြီးရေလျှံမှုကာကွယ်နိုင်ရေး ဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြန်မာ-ထိုင်းနယ်စပ် ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းတစ်လျှောက် တူးဖော်ရေးနှင့် မြေထိန်းနံရံပြုလုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ရှိ တာချီလိတ်မြို့တွင် ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေအနေ၊ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရေထိန်းတမံနှင့် ရေထိန်းတံခါးလုပ်ငန်းများ၊ မယ်ဆိုင်ချောင်း သဲ၊ နုန်းဆယ်ယူမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဌာနအလိုက် ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက လုပ်ငန်းဆိုင်ရာများ မှာကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးများက ပုန်းထွန်ရပ်ကွက်ရှိ ပေ ၁၄၂၀ ရှိသည့် ကွန်ကရစ် ရေထိန်းနံရံ ဆောင်ရွက်ထားသည့်အစီအစဉ်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁) အနီးရှိ ကွန်ကရစ်‌ ရေထိန်းနံရံလုပ်ငန်း၊ စည်ပင်သာယာရေးဌာနမှ မယ်ခေါင်ရေထိန်းတံခါး ဆောင်ရွက်နေမှုလုပ်ငန်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား (၂) အနီးရှိ ရန်အောင်မြေ ရေထိန်းတံခါးဆောင်ရွက်နေမှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်