Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၁၇

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း(MIFA)နှင့် မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြသော ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်ကြသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့အား တာဝန်ရှိသူများက ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုဝင်မျးကဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာကဘူးများမှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကြပြီး ဟိန္ဒူရိုးရာ တစ်ခုဖြစ်သည့် မွန်မြတ်ပြီးမင်္ဂလာရှိသော ဟိန္ဒူရိုးရ Pur Kumbham (ပုရ်ဏကုမ္ဘမ်) ဖြင့်ဆုတောင် ကြိုဆိုဂါရဝပြုကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဒီပါဝလီအထိမ်း အမှတ်အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးပြခန်းများ၊ စီးပွားရေးလုပ်ငန်းပြခန်းများနှင့် မျိုးနွယ်စုများ၏ ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ပြဇာတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့်ဇနီး၊ တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း အတွင်းရေးမှူးနှင့်ဇနီးတို့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့်ဇနီးတို့အား မင်္ဂလာဂုဏ်ပြုပုဝါနှင့် ပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ရိုးရာမီးထွန်းပွဲတော်ဖြစ်ကြောင်း၊ “ဒီပ” ဆိုသည့်မီးအလင်းရောင်နှင့် “အာဝလိ” ဆိုသည့် စီတန်းခြင်းဆိုသည့် အဓိပ္ပာယ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည့်အတွက် ဒီပါဝလီဆိုသည်မှာ ဆီမီးအလင်းရောင်များဖြင့် စီတန်းထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ဟု သိရှိရကြောင်း၊ ဒီပါဝလီပွဲတော်စတင်ဖြစ်ပေါ်ခဲ့သည့် နောက်ခံသမိုင်းကြောင်းအနေဖြင့် ရာမမင်းမြတ်သည် ရာဝဏဟုခေါ်သည့် ဒဿဂီရိမင်းကိုနှိမ်နင်းပြီး စစ်ပွဲမှန်သမျှ ဘယ်သောအခါမှအရှုံးမရှိသည့် အယုဒ္ဓယနေပြည်တော်ကို ပြန်လည်ဝင်ရောက်လာသည့်အချိန်သည် သီတင်းကျွတ်လကွယ် မှောင်မိုက်နေသည့် ညအချိန်အခါဖြစ်သဖြင့် ဆီမီးများထွန်းညှိပြီး ရာမမင်းမြတ်ကို ဆီမီးအလင်းရောင်ဖြင့် ကြိုဆိုပူဇော်ကြရာမှ ဒီပါဝလီပွဲတော် စတင်ခဲ့ခြင်းဖြစ်သည်ဟု လေ့သလာသိရှိရကြောင်း။

ဆီမီးပူဇော်ခြင်းအားဖြင့် အမှောင်များပျောက်ကွယ်ပြီး အလင်းများရောက်လာသကဲ့သို့ မကောင်းသည်များကွယ်ပျောက်ပြီး ကောင်းခြင်းတရားများရောက်ရှိလာစေရန်၊ မျှော်လင့်ချက်ရောင်ခြည်များ ပြန်လည်ပြည့်ဝလာစေရန်ဆိုသည့် ယုံကြည်ချက်များဖြင့် အခုကဲ့သို့ ဆီမီးပူဇော်ကြခြင်းဖြစ်ကြောင်း၊ ဟိန္ဒူဘာသာဝင်များအတွက် ဒီပါဝလီနေ့သည် အခါထူးရက်မြတ်ဖြစ်ခြင်းကြောင့် လုပ်ငန်းအသစ်စတင်ခြင်း၊ စာရင်းဟောင်းချုပ်ပြီး စာရင်းအသစ်စတင်ခြင်းများပြုလုပ်ပါက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်သည်ဆိုသည့် ယုံကြည်မှုများနှင့် ဆောင်ရွက်ကြသည်ကိုလည်း သိရှိရကြောင်း၊ ယခုကျင်းပသည့် ဒီပါဝလီမီးထွန်းပွဲတော်ကြောင့် မိမိတို့နိုင်ငံတွင် ယခုအချိန်ကစပြီး ပိုမိုကောင်းမွန်တိုးတက်သည့် အခြေအနေကောင်းများ ရရှိခံစားနိုင်မည်ဆိုသည်ကို ယုံကြည်ကြောင်း။

မိမိတို့ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသည့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုမျိုးစုံ စုပေါင်းတည်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူများ၏ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး တူညီသည့်အခွင့်အရေးများနှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကိုလည်း အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်သွားကြရန် လွန်စွာအရေးကြီးကြောင်း။

မတူကွဲပြားည့် သဘာသာဝင်များအကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး သင့်မြတ်စွာ စုစည်းနေထိုင်ရန်လိုအပ်ကြောင်း၊ “စုပေါင်းညီညာ အောင်ကြောင်းဖြာ” ဆိုသည့်စကားအတိုင်း ဘာသာပေါင်းစုံ စုစည်းညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် အခြေခံမူများဖြစ်သည့်ဘာသာပေါင်းစုံက ဘာသာဝင်များအချင်းချင်း အပြန်အလှန်လေးစားပြီး အတူတကွအေးချမ်းစွာ နေထိုင်သွားကြရန်၊ ဘာသာရေး၊ လူမှုရေး ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့် ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးရန် စသော ကောင်းမွန်သည့် အခြေခံမူများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့သည် အမိမြေပေါ်တွင် အတူတကွကြီးပြင်းလာကြသူများဖြစ်သည့်အတွက် တစ်ဦး၏ယုံကြည်ရာ ဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့် ဒီမြေ၊ ဒီရေ၊ ဒီလေကို တူညီစွာသုံးစွဲ နေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုကြောင်း၊ အဆိုပါစိတ်ဓာတ်ကို အခြေခံပြီး အပြန် အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏ အကျိုးကို ဝိုင်းဝန်းသယ်ပိုး ကြဖို့လိုကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသား မိဘပြည်သူများ၏ အကျိုးအတွက် နိုင်ငံတော်ကို ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် လာမည့်ဒီဇင်ဘာလ ၂၈ ရက် နေ့မှစပြီး လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပပေးတော့မည်ဖြစ်ကြောင်း၊ ထို့နောက် ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာသည့် အစိုးရကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စေရေး ယခုကဲ့သို့ အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံ့အကျိုးမျှော်ကိုးပြီး ဆောင်ရွက်သွားကြရန်လိုကြောင်း။

ယခုကဲ့သို့ ဟိန္ဒူဘာသာဝင်တို့၏ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ဆီမီးထွန်းညှိပူဇော်ပွဲကို ဦးစီးကျင်းပပေးခဲ့သည့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ မြန်မာ-အိန္ဒိယ ကုန်သည်ကြီးများနှင့် ဟိန္ဒူမျိုးနွယ်စုအသင်းအဖွဲ့များ အားလုံးကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ယခု ဒီပါဝလီပွဲတော်မှစပြီး မိမိတို့ နိုင်ငံသားအားလုံး တစ်ဦးအပေါ်တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှုများမျှဝေပေးပြီး အတိတ်ကမကောင်းသည့် အဟောင်းများကိုချန်ခဲ့ကာ အနာဂတ်နိုင်ငံတော်နှင့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းသာယာမှုများ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုဆုမွန်တောင်းစကားပြောကြား လိုက်ပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံက အမှတ်တရစကားနှင့် ဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား အသီးသီးပြောကြားကြသည်။

ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများအား မြန်မာ-အိန္ဒိယ ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကအဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့များက ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကပဒေသာများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဖျော်ဖြေမှုအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံနှင့်ဇနီးတို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။