နေပြည်တော် စက်တင်ဘာ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Kassym-Jomart Tokayev နှင့် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်၌ တွေ့ဆုံသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်သို့ ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့က ဂါရဝပြုကြိုဆိုပြီး ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် သမ္မတနန်းတော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြရာ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ကာဇက်စတန်သမ္မတနိုင်ငံသမ္မတနှင့်အတူ ကာဇက်စတန်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. KOSHERBAYEV Yermek Bedelbayevich နှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် ကာဇက်စတန်သမ္မတနိုင်ငံသမ္မတက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ဝင်များအား ကာဇက်စတန်နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ အဆွေတော်သည် ကာဇက်စတန်နိုင်ငံသို့ ပထမဦးဆုံးလာရောက်သည့် မြန်မာနိုင်ငံမှခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံသမိုင်းကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်အနေအထားအရ အချက်အချာကျသည့် နေရာတွင်တည်ရှိနေသည်ကို လေ့လာသိရှိရပါကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် မိမိတို့အနေဖြင့် အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ တောင်ဘက်တွင်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့ ကာဇက်စတန်နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ကြည့်မည်ဆိုပါက logistic ပိုင်းဆိုင်ရာ လုပ်ငန်းများကို အကောင်းဆုံးဖြတ်သန်းဆောင်ရွက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ရုရှားနိုင်ငံသာမက အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဦးစွာပြောကြားသည်။
ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယခုကဲ့သို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိစဉ် အဆွေတော်တို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သာယာလှပမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင်ချင်းဖလှယ်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ခုဖြစ်စေလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလှမ်း ဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုကဏ္ဍတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံသမ္မတမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်၍ နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။
နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
နေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကာဇက်စတန်သမ္မတနိုင်ငံ၊ သမ္မတနန်းတော်မှ ပြန်လည်ထွက်ခွာရာ ကာဇက်စတန်နိုင်ငံ သမ္မတက မော်တော်ယာဉ်နားအရောက် လိုက်ပါပို့ဆောင်ခဲ့ပြီး ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်