ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက NSSA အနေဖြင့် အလုပ်အကိုင် ၇၁ မျိုးအတွက် ကျွမ်းကျင်မှုစံ ၁၀၄ ခုကို အတည်ပြုပြဋ္ဌာန်း၍ ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ၃၀၀၊ စစ်ဆေးအကဲဖြတ်သူ ၉၀၄ ဦး၊ စစ်ဆေးရေးမှူး ၁၂၉ ဦးအား အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင် ၅၂ မျိုးတွင် ဖြေဆိုသူ ၃၂၀၈၈ ဦးအနက် အောင်မြင်သူ ၃၀၄၀၈ ဦးအား ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့မှ အလုပ်အကိုင် ၁၃ မျိုးအတွက် ကျွမ်းကျင်လုပ်သား ၆၅၄ ဦး၊ အလုပ်အကိုင် ခြောက်မျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ၁၁ ခု၊ စစ်ဆေးရေးမှူးကိုးဦးနှင့် စစ်ဆေးအကဲဖြတ်သူ ခြောက်ဦးတို့အား အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ သုခစုစံသင်တန်းကျောင်း၌ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချနေမှု၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ Fook Hing (Shwe Kha Yu) အထည်ချုပ်စက်ရုံ၊ Myanmar LNY Caps Co., Ltd. ဦးထုပ်စက်ရုံနှင့် Myanmar Ju Chuan Co., Ltd. ဖိနပ်စက်ရုံများကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်