Skip to main content

ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက် (The Second International Technology Congress-ITC) သို့ တက်ရောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့မှ ရုရှားနိုင်ငံ မော်စကိုမြို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတကာနည်းပညာကွန်ဂရက်ကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Patriot Expo တွင် သုံးရက် ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ဂရက်တွင် မျက်နှာစုံညီအစည်းအဝေး (Plenary Session) များ၊ ခေါင်းစဉ်အလိုက် ပြုလုပ်သည့် နည်းပညာဖိုရမ်များ၊ နည်းပညာသစ်များကို သရုပ်ဖော်ပြသသည့် Demonstration Session များကို သီးခြားစီပြုလုပ်ခဲ့သည်။ ကွန်ဂရက်ကာလအတွင်း ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီကြီးများကလည်း ပြခန်းများ ဖွင့်လှစ်ပြသခဲ့သည်။

အဖွင့်မိန့်ခွန်းပြောကြား

ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်၏ International Plenary Session ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် စိတ်ချယုံကြည်ရသည့် နည်းပညာများ (Digital Compass. Partner Dialogue: course towards trusted technologies) ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ “International cooperation for the development of next-generation industrial automation systems forum” ကို စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပရာ ဒုတိယဝန်ကြီးက စက်မှုလုပ်ငန်းများတွင် လူသားကြီးကြပ်မှုမလိုဘဲ အလိုအလျောက်ဆောင်ရွက်သည့် automation စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်ရမည့် အကြောင်းအရာများခေါင်းစဉ်ဖြင့် အမှာစကားပြောကြားသည်။

ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်၏ ဒုတိယအကြိမ် International Plenary Session ကို လုပ်သားများ၏ ထုတ်လုပ်မှုအား မြှင့်တင်ပေးရာတွင် နည်းပညာသစ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပရာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။

ထည့်သွင်းဆွေးနွေး

အစည်းအဝေးများတွင် ဒုတိယဝန်ကြီးက စိတ်ချယုံကြည်ရသည့် နည်းပညာများ (trusted technologies) ကို မြန်မာနိုင်ငံအပါအဝင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် မိတ်ဖက်နိုင်ငံများအားလုံး ပါဝင်အသုံးပြုနိုင်စေရန် အချက်များကိုလည်းကောင်း၊ ဆိုက်ဘာလုံခြုံရေး မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများကိုလည်းကောင်း၊ စက်မှုလုပ်ငန်းသုံး အလိုအလျောက်စနစ်ကို အားလုံးပါဝင်နိုင်သည့်ပုံစံမျိုးဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာနှင့် လက်တွဲပြီး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကိုလည်းကောင်း ထည့်သွင်းဆွေးနွေးသည်။

ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် ရုရှား-အာဆီယံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့လည်း ပါဝင်တက်ရောက်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အီးကောမာ့စ်၊ အိုင်တီပစ္စည်းများနှင့် Software ထုတ်လုပ်သည့် ကဏ္ဍများတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အာဆီယံနိုင်ငံများကိုယ်စား ပါဝင်ဆွေးနွေးသည်။

ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယအကြိမ် နိုင်ငံတကာ နည်းပညာကွန်ဂရက်တွင် ပြသထားသည့် ပြခန်းများသို့ ရုရှားနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။

ယခုနှစ် ပြုလုပ်သည့် နိုင်ငံတကာနည်းပညာကွန်ဂရက်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် စုစုပေါင်း ၄၀၀ ကျော် ပါဝင်တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်