Skip to main content

သတင်းပြန်ကြား‌ရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေး လုပ်ငန်းကော်မတီညှိနှိုင်းစည်းဝေး

နေပြည်တော် စက်တင်ဘာ ၁၂

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရန်အတွက် သတင်းပြန်ကြား‌ရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးသို့ သတင်းပြန်ကြား‌ရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက လာမည့်လထဲတွင် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်တွင် အနှစ်သာရရှိရှိ ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ဖွင့်ပွဲအခမ်းအနားနှင့် ဆွေးနွေးပွဲများကျင်းပနေစဉ်အတွင်း တက်ရောက်လာသူများ ကြိုတင်လေ့လာနိုင်ရန်အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှတ်တမ်းများ၊ တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း။

သတင်းထုတ်ပြန်ရေး၊ မီဒီယာများဖိတ်ကြားရေးနှင့် မှတ်တမ်းစာအုပ်ထုတ်ဝေရေးတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ယခင်က ဆောင်ရွက်နေကျဖြစ်သော်လည်း လစ်ဟာအားနည်းမှုမရှိအောင် ဘက်ပေါင်းစုံမှပြည့်စုံအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးပြီး အခမ်းအနားအောင်မြင်ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသသွားမည့်အစီအစဉ်များ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာဖိတ်ကြားရေးနှင့် သတင်းများရယူရိုက်ကူးရေး၊ ပါဝင်ဆွေးနွေးကြမည့် ပြည်တွင်းပြည်ပပညာရှင်များအား ဖိတ်ကြားရေး၊ မှတ်တမ်းစာအုပ်များ ထုတ်ဝေရေးနှင့် သတင်းများရယူထုတ်ပြန်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်