Skip to main content

ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပလျက်ရှိသည့် အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့၏ (၆၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၉

ယူဂန်ဒါနိုင်ငံ ရှေ့နေချုပ် Mr. Kiryowa Kiwanuka ၏ ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ စက်တင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိသည့် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO)၏ (၆၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိသည်။

နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲတွင် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E Dr. Kamalinne Pinitpu-badol ၊ ယူဂန်ဒါနိုင်ငံ လွှတ်တော်နာယက Ms. Anita Annet Among ၊ ယူဂန်ဒါနိုင်ငံ တရားရေးဝန်ကြီး Mr. Norbert Mao နှင့် ယူဂန်ဒါနိုင်ငံ ရှေ့နေချုပ် Mr. Kiryowa Kiwanuka တို့က အဖွင့်အမှာစကားပြောကြားကြသည်။

ထို့နောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO)၏ အထွေထွေအတွင်းရေးမှူးချုပ်ရုံးက တင်သွင်းသော ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်စာရင်းကို အတည်ပြုခြင်း၊ အစည်းအဝေးဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးချယ်ခြင်း၊ အထွေထွေအတွင်းရေးမှူးချုပ်အား ပြန်လည်ခန့်အပ်ခြင်း၊ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဂျာနယ်ထုတ်ဝေခြင်းတို့ကို အဖွဲ့ဝင်နိုင်ငံများက အတည်ပြုဆောင်ရွက်ကြသည်။

နှစ်ပတ်လည် အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Corruption - UNCAC) ကို လက်မှတ်ရေးထိုးပြီး ပြည်တွင်းဥပဒေမူဘောင်၊ စည်းမျဉ်းစည်းကမ်းများချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အာကာသပိုင်နက်နှင့် စပ်လျဉ်း၍ အာကာသသည် လူသားတိုင်းနှင့် သက်ဆိုင်ပြီး နိုင်ငံများ၏ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးမှုအဆင့်အပေါ် မသတ်မှတ်ဘဲ လူသားအားလုံးတန်းတူညီမျှ ရရှိပိုင်ဆိုင်ခွင့်ရှိစေရမည်ဟူသော မူဝါဒကို မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးလျက်ရှိပါကြောင်း။

အာကာသအသုံးပြုခြင်းကို တန်းတူညီမျှမှုဖြစ်စေရေးအတွက် နည်းပညာများ မျှဝေခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးခြင်းတို့ကို နိုင်ငံများက ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့ကာလတွင် ဆိုက်ဘာမှုခင်းများ၏ အန္တရာယ်ကို နိုင်ငံတိုင်းက ရင်ဆိုင်ရလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဥပဒေအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် အာဏာတည်၍ ဆိုက်ဘာလုံခြုံရေးနှင့် အင်တာနက်အသုံးပြုခြင်း ကိစ္စများတွင် တရားမဝင်ဆောင်ရွက်ချက်များအပေါ် ဖော်ထုတ်အရေးယူရန် ဆောင်ရွက်ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) တွင် စဉ်ဆက်မပြတ် တက်ကြွစွာပါဝင်ခဲ့ပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့ပြင် နှစ်ပတ်လည်အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင် (International Law Commission-ILC) မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပင်လယ်ပြင်ဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်