Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ယာဉ်သွားလာမှု စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းစေရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် သော်တာဝင်းကုမ္ပဏီက တာဝန်ယူ၍ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်တိုင်(၃၉၁/၂ မှ ၃၉၂/၄) အထိ ပေ ၉၀အကျယ် မြေသားတာပေါင် တိုးချဲ့ခြင်း လုပ်ငန်း၊ ၄၈ ပေအကျယ် AC ခင်းခြင်းလုပ်ငန်း၊ လမ်းပခုံးပြုပြင်ခြင်းလုပ်ငန်းနှင့် Thermoplastic Road Paint ဖြင့် ဆေးလိုင်းဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း(မန္တလေးမှ ရန်ကုန်)လမ်းပိုင်း မိုင်တိုင် (၃၅၈/၄ မှ ၃၆၅/၃)အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ကွန်ကရစ်လမ်းပိုင်းများ မြေသားလုပ်ငန်းဆောင်ရွက်နေမှုနှင့် ၂၅ ပေအကျယ်၊ တစ်ပေ ဒု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် (၃၅၈/၁)ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သော ဒုဋ္ဌဝတီတံတား ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ခံများက လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ လုပ်ငန်းခွင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုဋ္ဌဝတီတံတားပြိုကျသွားခြင်းကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းအသုံးပြုနေသော မော်တော်ယာဉ်များသည် မိုင်တိုင်အမှတ်(၃၅၂)ရှိ စကားအင်းအဝိုင်းမှ ပလိပ်သို့သွားသည့်လမ်းမှတစ်ဆင့် ရန်ကုန် - တောင်ငူ - မန္တလေးလမ်း (လမ်းဟောင်း)သို့ ကူးပြောင်းသွားလာလျက်ရှိသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာပုံ) မန္တလေးဘက်ခြမ်း လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက ငလျင်ဒဏ်ခံကြောင့် Lateral Bracing သံပေါင်များနှင့် Pier များ ပျက်စီးခဲ့မှုနှင့် ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတံတား(ရတနာပုံ) ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ လျာထားချက်နှင့်အညီ ပြီးစီးရန်လိုအပ်ကြောင်း၊ ထပ်မံလှုပ်ခတ်လျက်ရှိသည့် ငလျင်ငယ်များရှိသည့်အတွက် တံတားကြီးထပ်မံပျက်စီးခြင်း ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးသွားရန်နှင့် ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာအသုံးပြုနိုင်စေရေးအတွက် နေ့စဉ်စောင့်ကြည့်စစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီတင်ပြရန် မှာကြားကာ လုပ်ငန်းခွင်အတွင်း ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်