Skip to main content

ဒုတိယဝန်ကြီး ဦးမင်းမင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၇

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံးညီလာခံခန်းမ၌ ကျင်းပသည်။

ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ယခုဖွင့်လှစ်ပို့ချမည့် သင်တန်းတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာငွေကြေးပေးချေမှု၊ အကောက်ခွန်၊ ကုန်ပစ္စည်းအရည်အသွေး၊ မူပိုင်ခွင့်နှင့်စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို အဓိကထားသင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်ကြားပို့ချမည့် ဘာသာရပ်များကို မိမိတို့ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနှင့်ဆက်နွှယ်နေသော အခြားဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် ပြင်ပဘာသာရပ်ကျွမ်းကျင်သူပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသား သင်တန်းသူများအား ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်း/ဌာနများ၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များသို့ လက်တွေ့လေ့လာရေးခရီးစဉ်များကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းသား များအနေဖြင့် ပို့ချမှုများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုပါကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးရရှိအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းအား တစ်နေ့ ၃ နာရီဖြင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ လေးလကြာမြင့်မည်ဖြစ်ကာ စုစုပေါင်းသင်တန်းသားဦးရေ ၁၁၀ ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်