Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချန်ဒူးမြို့၌ မီဒီယာများ၏မေးမြန်းမှုများအား ပြန်လည်ဖြေကြား

နေပြည်တော် စက်တင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ချန်ဒူးမြို့သို့ ရောက်ရှိနေစဉ်အတွင်း ချန်ဒူးမြို့ရှိ Shanghai La ဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့လက်ခံဖြေကြားခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မီဒီယာများဖြစ်ကြသည့် Chengdu Daily၊ Chengdu Business Daily၊ West Chian Metropolis Daily၊ Chengdu Television (CDTV)၊ Sichuan  Television(SCTV)၊ China Central Television(CCTV)၊ People’s Daily Online နှင့် China xinhua news တို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation  Organisation-SCO SUMMIT 2025) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေ၊ တီယန်ကျင်းမြို့နှင့် ချန်ဒူးမြို့တို့၌ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးပွဲများဆောင်ရွက်၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများအား မေးမြန်းမှုများဆောင်ရွက် ခဲ့သည်။

ထိုသို့မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အလုပ်သဘောခရီးစဉ်အတွင်း SCO ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့မှု၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ပါသည်-

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr. Xi Jinping ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကနေ ဒီနေ့စက်တင်ဘာလ ၆ ရက်နေ့အထိ ၈ ရက် ကြာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံး ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ တီယန်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအပေါင်းအစည်းအဝေးကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာတော့ ကျွန်တော် မူလအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအနေနဲ့ ရှိတဲ့အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံကတော့ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်မှာ ရောက်ရှိပြီးဖြစ်တဲ့အတွက်ကြောင့် ဒီအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး ဖိတ်ကြားချက်အရ လာရောက်တက်ရောက်ခဲ့ပြီး ကျွန်တော်လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးက ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းတွေ ပြုပြင် ပြောင်းလဲရေး အဆိုပြုချက် ၅ ခု Global Governance Initiative ၅ ချက်ကို အဆိုပြုဆွေးနွေးခဲ့ပါတယ်။ လက်ရှိကမ္ဘာ့အခြေအနေနဲ့ ကိုက်ညီပါတယ်။ ကျွန်တော်တို့ကမ္ဘာ့နိုင်ငံတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရှိတယ်။ ဆင်းရဲတဲ့နိုင်ငံတွေရှိတယ်။ ဒီနိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခြေအနေချင်းမတူပေမယ့်လည်း၊ တချို့တူညီတဲ့အခြေအနေတွေ ရှိပေမယ့်လည်း အင်အားကြီးတဲ့နိုင်ငံတွေက အင်အားတူညီတဲ့ နိုင်ငံတွေရော၊ အင်အားနည်းတဲ့ နိုင်ငံတွေရောကို နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးမျိုးစုံနဲ့ ဖိအားပေးနေတာကို ကြုံတွေ့နေရပါတယ်။ ဒီဟာ ကို သမ္မတကြီး H.E. Mr. Xi Jinping က ထောက်ပြပြီးတော့ ဒါကိုပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်းကို ပြောခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဒီအဆိုပြုချက် ၅ ချက်ကို အပြည့်အဝထောက်ခံကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များကလည်း ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ဒီရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစည်းအဝေးကတော့ လုံးဝအောင်မြင်တဲ့ အစည်းအဝေးတစ်ခု ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားကိုလည်း ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အင်မတန် ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြအခမ်းအနားကြီးဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ တရုတ်တပ်မတော်ရဲ့ စနစ်တကျလေ့ကျင့်ထားမှုကိုလည်း အကောင်းဆုံးဖြစ်တာကို ကျွန်တော်တွေ့ပါတယ်။ နောက် တရုတ်ပြည်သူများရဲ့စည်းကမ်းအပြည့်အဝရှိမှုကိုလည်း ကျွန်တော်တွေ့ရှိပါတယ်။ နောက်တတိယအနေနဲ့ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းပကား မြင့်မားတယ်ဆိုတာကို ဒီမှာတွေ့ရပါတယ်။ နောက်တစ်ခါ ကမ္ဘာကြီးကို တရုတ်နိုင်ငံအနေနဲ့ အကာအကွယ်ပေးနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဒီမှာတွေ့ပါတယ်။ တချို့ပစ္စည်းတွေဆိုရင် ကျွန်တော်တို့ လုံးဝကို မထင်တဲ့ကာကွယ်ရေးပစ္စည်းတွေ တွေ့ပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေက ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဖက်ဆစ်တွေရဲ့နှိပ်စက်မှုဒဏ်ကို ခံခဲ့ရတဲ့ တော်လှန်မှု နှစ် (၈၀) ပြည့်တဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် အဓိပ္ပာယ်ရှိတဲ့၊ အကျိုးရှိတဲ့ စစ်ရေးပြအခမ်းအနားကြီးတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။

ကျွန်တော်တို့ တစ်ဆက်တည်းမှာပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရှေ့မြောက်ဘက်မှာရှိတဲ့ ဟေလုံ ကျန်းပြည်နယ်နဲ့ ဒီနေ့ ကျွန်တော်ရောက်ရှိနေတဲ့ စီချွမ်ပြည်နယ်တို့ကိုလည်း နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်နိုင်ဖို့ ကျွန်တော် ချစ်ကြည်ရေးခရီးဆက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ခရီးစဉ် ဒီတင်ပြီးပြီဖြစ်ပါတယ်။

နောက်ထပ်ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွေ ဘယ်လိုဆောင်ရွက် နိုင်မလဲဆိုတာ ကျွန်တော်လေ့လာတဲ့အခါမှာ ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခွင့်အလမ်းတွေ များစွာရှိတာကို ကျွန်တော်တွေ့ပါတယ်။ နောက်တစ်ခါ စီးပွားရေးနဲ့ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားမှု၊ ကုန်သွယ်မှုနဲ့ပတ်သက်ပြီးတော့လည်း များစွာဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ များစွာရှိတယ်ဆိုတာလည်း နှစ်ဖက်လုံးမှာ ကျွန်တော်တွေ့ပါတယ်။ တီယန်ကျင်းမှာရော၊ စီချွမ်မြို့မှာရော၊ ဟာပင်းမှာရော၊ ချန်ဒူးမြို့မှာရော နှစ်နိုင်ငံမှာရှိတဲ့ ကုန်သည်ကြီးများနဲ့ ကျွန်တော်တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းနဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့် လင်းလင်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်နဲ့ အဖွဲ့ဝင်အဖြစ်ပါလာတဲ့ ဝန်ကြီးတွေကလည်း အကုန်ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပါတယ်။ တရုတ်ကုန်သည်များကလည်း စိတ်ဝင်တစားနဲ့ ပါဝင်ဆွေးနွေးပြောကြားခဲ့မှုများ၊ လာရောက်တွေ့ဆုံ တက်ရောက်ခဲ့မှုများရှိလို့ရှိရင် ကျွန်တော်တို့နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များစွာမျှော်လင့်ချက်ရှိနေကြတယ်ဆိုတာ ကျွန်တော်တို့ တွေ့ပါ တယ်။ ကျွန်တော် တရုတ်နိုင်ငံကို လာတာ ၁၂ ကြိမ်မြောက် ခရီးစဉ်ဖြစ်ပါတယ်။ ဒီ ၁၂ ကြိမ်မြောက် ခရီးစဉ်မှာ ဒီခရီးစဉ်က အောင်မြင်ဆုံးခရီးစဉ်တစ်ခုလို့ ကျွန်တော်ပြောလိုပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေအဖြစ် အမြဲတမ်းမျှော်လင့်ထားပါတယ်။ အခု ကျွန်တော်တို့လာတဲ့ခရီးစဉ်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ခိုင်ခိုင်မာမာနဲ့ ယုံယုံကြည်ကြည်လုပ်နိုင်ဖို့အတွက် အခွင့်အလမ်းတွေရခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ရဲရဲတင်းတင်း ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ အောင်မြင်မှုခရီးစဉ်တစ်ခုဖြစ်အောင် ခင်ဗျားတို့ တက်ရောက်လာကြသူများကလည်း အိမ်ဖြည့်ပေးတာဖြစ်ပါတယ်။ ကောင်းပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ထို့နောက် မီဒီယာများ၏ မေးမြန်းမှုများကို အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပါသည်-

မေး။   လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင့်။ ကျွန်မကတော့ People Daily Online Media သတင်းထောက်ဖြစ်ပါတယ်။ ကျွန်မ မေးချင်တာကတော့ တရုတ်-မြန်မာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးဟာ ဒီနှစ်မှာ (၇၅)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ယာယီသမ္မတကြီးအနေနဲ့ နှစ်နိုင်ငံ အနာဂတ်မှာ မည်သည့်အခန်းကဏ္ဍများ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်လက်ပူးပေါင်းပေးသွားမယ်၊ တရုတ် - မြန်မာရဲ့ အေးအတူ ပူအမျှ အသိုက်အဝန်းမှာ ဘယ်လိုဆက်လက် တွန်းအားပေးသွားမယ်ဆိုတာ သိရှိလိုပါတယ်ရှင့်။

ဖြေ။    ကျွန်တော်အစက ပြောခဲ့ပြီးသား။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော် နိုင်ငံတွေဖြစ်တယ်။ အိမ်နီးနားချင်းမှာလည်း မိုင်ပေါင်း ၁၃၀၀ လောက်ရှည်တဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေဖြစ်တယ်။ နှစ်နိုင်ငံသမိုင်းကြောင်းကလည်း နှစ်ပေါင်းများစွာကတည်းက ကူးလူးဆက်ဆံမှုတွေရှိခဲ့တယ်။ နှစ်နိုင်ငံဆက်ဆံရေးကလည်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍစုံကနေပြီးတော့မှ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားမယ်။ နောက်တစ်ခါ တရုတ်နိုင်ငံကနေပြီးတော့ အားသာချက်ရှိနေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Green Policy) ပေါ့နော်။ ဒီဟာကလည်း အမြဲ တမ်းစိမ်းလန်းစိုပြည်တဲ့ မူဝါဒကို ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ တူညီတာကြောင့် ဒါလည်း တရုတ်နိုင်ငံရဲ့ အတွေ့အကြုံကို ရယူပြီးတော့မှ တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံကလည်း ဒီနေ့အကျိုးကျေးဇူးတွေ ခံစားနိုင်အောင် အားပေးဆောင်ရွက်သွားမယ်လို့ပြောချင်ပါတယ်။

မေး။   ကျွန်မကတော့ ဆင်ဟွာသတင်းဌာနမှ ဖြစ်ပါတယ်။ ကျွန်မမေးချင်တာက နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က မြန်မာနိုင်ငံဟာ ရှန်ဟိုင်း SCO မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ အဆွေတော်ဟာဆိုရင် ကျွန်မတို့သမ္မတကြီးရဲ့ဖိတ်ခေါ်မှုနဲ့အတူ တီယန်ကျင်းမြို့မှာဆောင်ရွက်ခဲ့တဲ့ SCO Plus အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာလည်း ကျွန်မတို့ရဲ့သမ္မတကြီးက Global Governance Initiative (GGI)ကိုပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ဟာ သမ္မတကြီး ရှီကျင့်ဖျင်အဆိုပြုခဲ့တဲ့ အစီအမံနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိပါသလဲ။ ပြီးတော့ အဲဒီအစီ အမံဟာ လက်ရှိကမ္ဘာကြီးမှာ ဘယ်လိုဟာမျိုးတွေသက်ရောက်မှုရှိပါသလဲ။ ဒါဟာ နံပါတ်တစ်မေးခွန်း ပါ။ နံပါတ်နှစ်မေးခွန်းဟာဆိုရင် ယခုနှစ်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ် မြောက်ဖြစ်ခဲ့ပါပြီ။ သမ္မတကြီး ရှီကျင့်ဖျင်က တီယန်ကျင်းမှာ သမ္မတကြီးနဲ့ တွေ့ဆုံစဉ်မှာတော့ တရုတ်-မြန်မာဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဖြစ်ပြီး ပြည်သူများမှပေါက်ဖွားလာတဲ့ သမိုင်းကြောင်းရှည်လျားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ နှစ်ဖက်လုံးဟာဆိုရင်တော့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်အပေါ်မှာ မူတည်ပြီး နက်ရှိုင်းစွာ မဟာဗျူဟာပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကိုလည်း တွန်းအားပေးလျက်ရှိပြီး နှစ်နိုင်ငံပြည်သူများကိုလည်း သာယာဝပြောပြီး သုခများကိုလည်း သယ်ဆောင်လာတဲ့အတွက် ကျွန်မ မေးခွန်းကတော့ လက်ရှိအဆွေတော်အနေနဲ့ တရုတ်- မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး ဘယ်လို Comment ပေးလိုပါ သလဲ။

ဖြေ။    Global SCO အပေါင်း အစည်းအဝေးနဲ့ပတ်သက်ပြီး သမ္မတကြီး ရှီကျင့်ဖျင်က Global Governance Initiative (၅) ချက်တင်ပြတာရှိတယ်။ ကျွန်တော်အဖွင့်မှာလည်း စပြီး ပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အင်အားကြီးနိုင်ငံတွေပေါ့။ သူတို့ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ စစ်ရေးအမျိုးစုံနဲ့ အနိုင်ကျင့်နေတာ တွေ့ရပါတယ်။ ခင်ဗျားတို့ တရုတ်နိုင်ငံကိုပဲ အမေရိကန်က အခွန်နဲ့ လှမ်းပြီးတော့ ဒုက္ခပေးနေတာ ဖိအားပေးနေတာလည်းရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဖိအားပေးခံနေရတာရှိတယ်။ ဒါက ဘဏ္ဍာရေးတင်မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ စီးပွားရေးအရလည်း ဖိအားပေးတာတွေ ခံရတယ်။ ဒီလိုတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီ ၅ ချက်က ကမ္ဘာ့ရဲ့ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီးတော့မှ ဒါကိုကျွန်တော်တို့ ပြုပြင်ဖို့ လိုတဲ့အကြောင်းကို ဖော်ပြသွားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့သင့်တယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။ အဲဒီတော့ သမ္မတကြီး ရှီကျင့်ဖျင်လည်း မည်သည့်ဖိအားမဆို၊ ခြိမ်းခြောက်မှုမဆို တရုတ်နိုင်ငံအနေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ရှိကြောင်းပြောခဲ့တာ ဒီအဓိပ္ပာယ်ကို ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒါတွေအားလုံးကို ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး ၇၅ နှစ်ပြည့်ပြီးတဲ့ ကာလအပေါ်မှာ သဘောထား ပြောတာရှိပါတယ်။ တကယ်လို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံဆက်ဆံရေး သံတမန်အရ ၇၅ နှစ်ပြည့်ပေမယ့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေ လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု အကျိုးဖြစ်မှုရှိသလိုပဲ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုဟာလည်း တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူရမှာဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ရှိတယ် ဆိုတာ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံပဲ ရှိပါတယ်။ မဟာဗျူဟာမိတ်ဖက်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းအတူ ခံစားရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်နေတာရှိပါတယ်။ ဒါကြောင့် ဒီကဏ္ဍတွေကို အခုလက်ရှိ ကျွန်တော်တာဝန်ယူထားတဲ့အချိန်မှာလည်း ကျွန်တော်တို့ နိုင်ငံကနေ ဒါကို အလေးထားကုစားသွားမှာ ဖြစ်သလို တရုတ်နိုင်ငံကလည်း အခုလက်ရှိပူးပေါင်းဆောင်ရွက်ပေးနေတယ်ဆိုတာလည်း ကျွန်တော်တို့အားလုံး မျက်မြင်ဖြစ်ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးဟာ အခုအခြေအနေမှာ အကောင်းဆုံး အခြေအနေ၊ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်လို့ ဆိုရပေမယ့်လည်း ဒီထက်ပိုပြီးကောင်းတဲ့၊ ဒီထက်ပိုပြီးမြင့်မားတဲ့၊ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ အခြေအနေမျိုးကို ဆက်ပြီးအကောင်အထည်ဖော်သွားမှာလည်း ဖြစ်ပါတယ်။ ကောင်းတယ်ဆိုတာကတော့ အမြဲတမ်း မဟုတ်ပါဘူး။ ကောင်းတယ်၊ ဒီထက်ပိုကောင်းတယ်၊ ဒီထက်ပိုပြီးကောင်းတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နမူနာပြနေတယ်။ ဒီလိုပဲ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာမှာလည်း ကောင်းသည်ထက်ကောင်းအောင်၊ ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ကြိုးစားရမှာဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်လာတဲ့ ခရီးစဉ်က မနေ့ကအခြေအနေထက် ပိုကောင်းအောင် ကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ကောင်းပါပြီ။

မေး။   လေးစားအပ်ပါသော ယာယီသမ္မတကြီးရှင်။ ကျွန်မကတော့ စီချွမ် Daily မီဒီယာမှဖြစ်ပါတယ်။ ကျွန်မ မေးခွန်းလေး နှစ်ခုမေးပါရစေ။ နံပါတ်တစ်မေးခွန်းကတော့ လက်ရှိစီချွမ်ကို လာရောက်တဲ့ခရီးစဉ်မှာ ဘယ်လိုခံစားရပါသလဲ။ ဘယ်လိုကျေးဇူးရပါသလဲ။ နံပါတ်နှစ်က စီချွမ်နဲ့ မြန်မာကြားမှာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာ ဘယ်နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ချက်ရှိပါသလဲ။

ဖြေ။    စီချွမ်ပြည်နယ်ကိုလာရတာ အဓိကကတော့ ကျွန်တော်ကတော့ ချန်ဒူးပေါ့လေ။ ချန်ဒူးကို ဒီအခေါက်အပါအဝင် ၅ ကြိမ် ကျွန်တော်ရောက်ပါတယ်။ ၂၀၀၇ ခုနှစ်က ရောက်ခဲ့တာ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျွန်တော်ရောက်ခဲ့တာ။ ကျွန်တော်ရောက်ခဲ့တဲ့အကြိမ်တွေအတွင်းမှာတော့ ချန်ဒူးက၊ ချန်ဒူးဆိုတာကလည်း စီချွမ်ကို ကိုယ်စားပြုထားတာပေါ့။ အများကြီး ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အားလည်းကျပါတယ်။ ဒါလေးလည်း ပူးပေါင်းဆောင်ရွက်ဖို့ အဆွေတော်တို့ရဲ့ ပါတီအတွင်းရေးမှူးနဲ့ ဆွေးနွေးခဲ့တာရှိတယ်။  ဒါတွေ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် နှစ်ဖက်လုံး သဘောတူကြပါတယ်။ နှစ်နိုင်ငံ နှစ်ဖက်ပေါ့။ စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိတယ်။ စီချွမ်ပြည်နယ်ဟာ စက်မှုနည်းပညာမှာလည်း ဖွံ့ဖြိုးတိုးတက်ပါတယ်။ နောက်ပညာရေးကဏ္ဍမှာလည်း မြင့်မားပါတယ်။ စိုက်ပျိုးရေးကဏ္ဍလည်း မြင့်မားပါတယ်။ သို့သော် စီချွမ်ပြည်နယ်မှာ မရှိတဲ့ စိုက်ပျိုးရေးထုတ်ကုန်၊ မြေပေါ်မြေအောက် ထုတ်ကုန်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်းတွေ မြန်မာနိုင်ငံက အများကြီးရှိပါတယ်။ ဒါကြောင့် ဒီဟာကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်မယ် ဆိုလို့ရှိရင် တရုတ်နိုင်ငံ ကိုယ်စားပြုဆောင်ရွက်တာနဲ့ အတူတူပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ လေကြောင်းပို့ဆောင် ရေးနဲ့ ပတ်သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့အတွက် စီစဉ်နေပါတယ်။ ကုန်သွယ်မှုတွေ မြင့်မားလာရင် လေကြောင်းသွားလာမှုတွေလည်း များလာမှာဖြစ်တယ်။ ဘာပဲပြောပြော စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဟာ အရင်ကာလနဲ့စာရင် အများကြီး ဒီထက်အဆပေါင်းများစွာ တိုးတက်မယ်လို့ ကျွန်တော်မျှော်မှန်းထားပါတယ်။ ဒါကြောင့်မို့ စီချွမ်ပြည်နယ်က မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လေ့လာဖို့ ဖိတ်ကြားပါတယ်။ လာကြည့်ပါ။ လာကြည့်မှ မြန်မာနိုင်ငံနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ပိုပြီးတော့ ခံစားရမှာဖြစ်ပါတယ်။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။