နေပြည်တော် စက်တင်ဘာ ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့၌ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် Beidahaung Smart Agriculture Exhibition Center သို့ သွားရောက်ကြည့်ရှုလေ့လာသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Beidahaung Smart Agriculture Exhibition Center သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ကြည့်ရှုလေ့လာ
ယင်းနောက် Beidahaung Smart Agriculture Exhibition Center အတွင်း ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအားကြည့်ရှုကြသည်။ ထို့နောက် ခင်းကျင်းပြသထားသည့် လယ်ယာစိုက်ပျိုးမှု သရုပ်ပြပုံစံငယ်၊ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်မီဒစ်ဂျစ်တယ် လူမဲ့နည်းပညာဖြင့် AI စနစ်သုံး စက်ယန္တရားများဖြင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများဆောင်ရွက်မှု၊ AI စနစ်သုံး Drone များဖြင့် စိုက်ပျိုးမြေများအတွက် လိုအပ်သောမြေဩဇာများ၊ ပိုးသတ်ဆေးများ ကြဲပက်ခြင်းနှင့် မျိုးစေ့များ ကြဲပက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ တန်ဖိုးမြင့်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့် Beidahaung Smart Agriculture မှ ထုတ်လုပ်ထားရှိသည့် အဆင့်မြင့်လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။
မေးမြန်းဆွေးနွေး
ဆက်လက်၍ Data Center အတွင်း လူမဲ့နည်းပညာ ဖြင့် AI စနစ်သုံး ကောက်စိုက်စက်များ၊ Drone များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တိုက်ရိုက်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ Beidahaung Smart Agriculture Exhibition Center မှ တာဝန်ရှိသူတစ်ဦးက အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Heilongjiang Huida Technology Co., Ltd. သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ကုမ္ပဏီမှ နိုင်ငံတကာ၌ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မောင်းသူမဲ့စနစ်ဖြင့် ယာဉ်ယန္တရားများ၏ဒီဇိုင်းများ ထုတ်လုပ်လျက်ရှိမှု၊ စိုက်ပျိုးရေးအထောက်အကူပြု Drone များ ထုတ်လုပ်အသုံးပြုလျက်ရှိမှု၊ AI စနစ်သုံး မြေအခြေအနေတိုင်းတာရေးပစ္စည်းများ ထုတ်လုပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဟာပင်းမြို့ Taiping International Airport မှတစ်ဆင့် စီချွမ်ပြည်နယ် ချန်ဒူးမြို့သို့ ထွက်ခွာကြရာ ဟေလုံကျန်းပြည်နယ် အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ချန်ဒူးမြို့ Chengdu Shuangliu International Airport သို့ ရောက်ရှိကြရာ စီချွမ်ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်