Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီချွမ်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Xiaohui နှင့်Jin Jiang Hotel ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့်အတူ စီချွမ်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်တိုးတက်လျက်ရှိမှုနှင့် စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ချိန်တွင် စီချွမ်ပြည်နယ်မှ အကူအညီပေးရေးအဖွဲ့များ စေလွှတ်ခဲ့မှုအခြေအနေများ၊ စီချွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူးက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်