Skip to main content

နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များမှ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများ၏ စကားသံများ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်- ၁၉ ကျန်းမာရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြသည်။

ယနေ့တွင်လည်း နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိ မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာ သီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့မှ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲများကို လျှို့ဝှက်ဆန္ဒပြု မဲပေးလျက်ရှိကြ သည်။

နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မဲရုံများ တွင် တာဝန်ထမ်းဆောင်နေကြသည့် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ မဲရုံမှူး များနှင့် ကြိုတင်ဆန္ဒမဲပေးကြသည့် ပြည်သူများ၏ ပြောကြားချက်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ဦးဇော်မင်း (ဥက္ကဋ္ဌ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်)

သပြေကုန်းရပ်ကွက်မှာ ဆန္ဒမဲ ပေးဖို့အတွက် မဲရုံ နှစ်ရုံ ရှိပြီး မဲဆန္ဒ ရှင်ဦးရေ ၄၃၀၀ ကျော် ရှိပါတယ်။ အသက် ၆၀ ကျော် ကြိုတင်ဆန္ဒမဲ ပေးမယ့်ဦးရေ ၃၆၀ ကျော် ရှိပါတယ်။ အသက် ၆၀ ကျော်ပြီး ကျန်းမာသန်စွမ်း တဲ့သူတွေကတော့ မဲရုံမှာလာရောက် မဲ ပေးကြပါတယ်။ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အသက် ၆၀ ကျော်တဲ့ ကျန်းမာရေး မကောင်းတဲ့သူ၊ မဲရုံကိုလာရောက် မဲမပေးနိုင်တဲ့သူတွေအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင် တစ်ဦး၊ မဲရုံမှူး၊ ပါတီတွေက ကိုယ်စားလှယ် တွေနဲ့အတူ အိမ်အရောက်သွားပြီး မဲပေးနိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ရပ်ကွက်ထဲမှာရှိတဲ့ မသန် စွမ်းသူတွေကိုလည်း မဲပေးနိုင်ဖို့ အတွက် အိမ်အရောက် ဆောင်ရွက် ပေးပါတယ်။ ကိုဗစ်-၁၉ ကာလမှာ အသက် ၆၀ ကျော် အသက်အရွယ် ကြီးရင့်တဲ့သူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေအတွက် သီးခြား အနေနဲ့ ကြိုတင်မဲပေးရတဲ့အတွက် ရောဂါကာကွယ်ပြီးသား ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေအနေနဲ့လည်း စိတ် ကျေနပ်မှုရမယ်လို့ ယုံကြည်ပါတယ်။ မဲလာရောက်ပေးတဲ့သူတွေ မဲစာရင်း အလွယ်တကူရှာတွေ့နိုင်ဖို့ လမ်းညွှန် ဇယားတွေ ကပ်ထားပါတယ်။ မဲဆန္ဒ ရှင်တစ်ဦးက သူ့ရဲ့မဲစာရင်းကို အလွယ်တကူ မတွေ့ဘူးဆိုရင် သူနေထိုင်တဲ့ ခြံအမှတ်ကိုပြောတာနဲ့ မဲစာရင်း ချက်ချင်းသိနိုင်အောင် ဆောင်ရွက်ထားပါတယ်။ ကျန်းမာရေး နဲ့ပတ်သက်ပြီးတော့လည်း လာရောက် မဲပေးတဲ့သူတွေကို အပူချိန်တိုင်း ပေးတယ်။ လက်ဆေးဘေစင်တွေ၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်း၊ အပူချိန်တိုင်းကိရိယာတွေကို အဆင် သင့် အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေး ထားပါတယ်။

ဒေါ်ခင်စိန်ကြည် (မဲဆန္ဒရှင်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

အဒေါ်က အသက် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် ကြိုတင်မဲ လာပေး တာပါ။ မဲစာရင်းကို ယခင်ကတည်းက လာကြည့်ထားတော့ အခုမဲပေးတဲ့အခါ မှာလည်း လွယ်လွယ်ကူကူနဲ့ မဲပေး နိုင်ပါတယ်။ မဲပေးရတာလည်း အဆင် ပြေပါတယ်။ လွတ်လပ်စွာမဲပေးနိုင်ခဲ့ တယ်။ တစ်ဦးတစ်ယောက်က စိတ်အနှောင့်အယှက်ပေးတာမျိုး မရှိ ပါဘူး။ ကိုယ့်စိတ်ကြိုက် မဲပေးခဲ့ ရပါတယ်။ အခုလို မဲပေးခဲ့ရတဲ့အတွက် လည်း နိုင်ငံသားတစ်ဦးအနေနဲ့ နိုင်ငံ အတွက် တစ်ထောင့်တစ်နေရာက တာဝန် ထမ်းဆောင်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ကိုဗစ်ကာလဆိုတော့ တန်းစီတဲ့နေရာမှာလည်း သတ်မှတ် တဲ့အကွာအဝေးနဲ့ တန်းစီရတယ်။ မဲပေးမယ့်နေရာကို ဝင်တဲ့အခါမှာ လည်း အဖျားတိုင်းတယ်။ လက်သန့် ဆေးရည်နဲ့ လက်ဆေးရတယ်။ မဲပေး ပြီးတော့ ပြန်ထွက်လာတဲ့အခါမှာ လည်း လက်ကို ဆပ်ပြာနဲ့ သန့်စင် အောင် ဆေးကြောရပါတယ်။

ဦးထွန်းရှိန် (မဲဆန္ဒရှင်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်)

ကြိုတင်မဲပေးရတာ အားလုံး အဆင်ပြေပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ ကိုလည်း တိတိကျကျလိုက်နာပြီး လိုအပ်တာတွေ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရပါ တယ်။ မဲပေးဖို့ တန်းစီရတဲ့အချိန် ကနေစပြီး မဲပေးပြီးတဲ့အချိန်ထိ နည်းနည်းတော့ ကြာသွားပါတယ်။ ကြာတယ်ဆိုတာကလည်း မဲလာပေး တဲ့သူတချို့က သူတို့ရဲ့ မဲစာရင်းတွေ ကြိုတင် မကြည့်ထားကြတော့ နည်းနည်းကြန့်ကြာမှုတွေ ရှိပါတယ်။ ဒါပေမယ့် လိုအပ်တာတွေကို မဲရုံ တာဝန်ရှိသူတွေက ကူညီပေးနေပါ တယ်။ ဒါကြောင့် နောက်ရက်တွေမှာ ကြိုတင်မဲပေးမယ့်သူတွေ အနေနဲ့လည်း မဲစာရင်းတွေကြည့်ထားကြဖို့ ပြည်သူ တစ်ယောက်အနေနဲ့ တိုက်တွန်း ချင်ပါတယ်။

ဒေါ်သန်းမြိုင် (မဲဆန္ဒရှင်၊ စက်ကုန်းကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်)

အဘွားက အသက် ၇၅ နှစ် ရှိပါပြီ။ အသက် ၆၀ ကျော်တွေအတွက် ကြိုတင်မဲပေးကြဖို့ စီစဉ်ပေးထားတဲ့ အတွက် ကျည်တောင်ကန်ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှာ ကြိုတင်ဆန္ဒမဲ လာပေးတာ ဖြစ်ပါတယ်။ မဲစာရင်းလည်း ကြိုပြီး ကြည့်ထားတော့ မဲပေးရတာ အားလုံး အဆင်ပြေပါတယ်။ လွတ်လွတ် လပ်လပ်ရှိပါတယ်။ ကိုယ့်စိတ်ကြိုက် ပေးခဲ့ရပါတယ်။ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာတွေကိုလည်း ဆောင် ရွက်နိုင်ဖို့ မဲရုံအဝင်မှာ တာဝန် ရှိသူတွေက ဆောင်ရွက်ပေးထားပါ တယ်။ အဘွား အမျိုးသားကလည်း အသက် ၇၅ နှစ် ရှိပါပြီ။ သူကတော့ ကျန်းမာရေးအခြေအနေအရ မဲလာ မပေးနိုင်လို့ တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် မဲပေးနိုင်ဖို့ လာရောက် ဆောင်ရွက်ပေးကြမယ်လို့ သိရပါတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးထွန်းဝင်း (မဲရုံမှူး၊ ကျည်တောင်ကန် ကျေးရွာအုပ်စု၊ ပုဗ္ဗသီရိမြို့နယ်)

ဒီတစ်ကြိမ် ရွေးကောက်ပွဲက မဲရုံမှူးတွေကို သင်တန်းပေးထားတဲ့ အတွက် လုပ်ငန်းတွေဆောင်ရွက် ရတဲ့အခါမှာ အရင်ကထက် ပိုပြီး အဆင်ပြေပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် တွေအတိုင်း မဲရုံတိုင်းမှာ ကျန်းမာရေး ဝန်ထမ်းတွေရှိသလို လုံခြုံရေးအတွက် လည်း မဲရုံတွေအတွက် အထူးရဲတွေ ကလည်း တာဝန်ယူဆောင်ရွက်နေပါ တယ်။ လိုအပ်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းတွေကိုလည်း ကျန်းမာရေးဌာနက ပံ့ပိုးဆောင်ရွက် ပေးထားပါတယ်။ မနေ့ကစပြီး ကြိုတင်မဲပေးခွင့်ရှိသူတွေ လာရောက် မဲပေးနေကြပါပြီ။ နောက်ပိုင်းရက်တွေမှာတော့ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတွေ၊ မဲရုံတာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့က အိမ်အရောက်သွားပြီး လာရောက်မဲမပေးနိုင်တဲ့ သက်ကြီး ရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူ တွေနဲ့ မသန်စွမ်းတွေအတွက် မဲထည့် နိုင်အောင် လိုက်လံဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။

ဦးညိုကြီး (ဥက္ကဋ္ဌ၊ ကျည်တောင်ကန် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ပုဗ္ဗသီရိမြို့နယ်)

ကျွန်တော်တို့နယ်မြေမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေ ၃၈၀၀ ကျော် ရှိပါတယ်။ ကြိုတင်ဆန္ဒမဲပေးမယ့်သူ ၂၀၀ ကျော် ရှိပါတယ်။ ဒီနေ့အထိ ကြိုတင်ဆန္ဒမဲလာပေးတာ လူဦးရေ ၁၀၀ ကျော်ရှိပါတယ်။ ကြိုတင်ဆန္ဒမဲ လက်မှတ်တွေ ထည့်ထားတဲ့ မဲပုံး တွေကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးမှာ လုံခြုံစိတ်ချရအောင်ထားပြီး မဲရုံမှူး၊ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲက တာဝန်ရှိသူတွေ၊ ပါတီ ကိုယ်စားလှယ်တွေနဲ့ ရဲတပ်ဖွဲ့က လုံခြုံမှုရှိအောင် နေ့၊ ည တာဝန်ယူ စောင့်ရှောက်ကြပါတယ်။ ကျွန်တော် တို့အနေနဲ့က မဲပေးတဲ့သူတွေ လုံလုံ ခြုံခြုံ လွတ်လွတ်လပ်လပ် မဲပေးနိုင် ဖို့နဲ့ ဆန္ဒမဲတွေ လုံခြုံစိတ်ချဖို့အတွက် အဓိက ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အုပ်စုမှာရှိတဲ့ မဲဆန္ဒ ရှင်တွေအားလုံး မဲစာရင်းလာကြည့် ကြပါတယ်။ ကြည့်ကြဖို့လည်း လိုက်လံ ဆော်ဩတယ်။ မဲစာရင်းတွေ ကပ်ထားပေးတယ်။ မဲဆန္ဒရှင်တွေ အနှောင့်အယှက် မဖြစ်စေဖို့အတွက် ပါတီဝန်းရံသူတွေ၊ ပါတီထောက်ခံ သူတွေ မဲရုံနားကို မလာရောက်ကြဖို့ သက်ဆိုင်ရာ ပါတီကိုယ်စားလှယ် တွေကို ပြောထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ညွှန်ကြားချက်အတိုင်း သတ်မှတ် ထားတဲ့ဧရိယာအတွင်း မဝင်ရောက် နိုင်အောင် လုံခြုံရေးတွေချထားပြီး ဖြစ်ပါတယ်။

ဒေါ်ကာရုံ (မဲဆန္ဒရှင်၊ ကုန်းမြင့်ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်)

အဒေါ်က အင်ဖက်ရောင်းပါတယ်။ အင်ဖက်ရောင်းပြီးအပြန် မဲလာပေး တာပါ။ ငါးနှစ်မှတစ်ခါ မဲပေးရတဲ့ အတွက် အခွင့်အရေးကို လက်မလွတ် ရအောင် အခုလို အားတဲ့အချိန်မှာ ကြိုတင်မဲလာပေးတာ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရပါတယ်။ ကိုယ်နှစ်သက်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး မဲထည့် ခဲ့ပါတယ်။ မဲပေးတဲ့အခါမှာလည်း မဲရုံထဲကိုဝင်တာနဲ့ လက်ဆေးရတယ်။ အပူချိန်တိုင်းရတယ်။ လက်သန့် ဆေးရည်တွေ ဖျန်းပေးတယ်။ တစ်ဦး နဲ့တစ်ဦး သတ်မှတ်အကွာအဝေးနဲ့ မဲပေးရတော့ အစစအရာရာအဆင်ပြေ ပါတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ သီရိ ငါးမြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ် များ၌ လက်ရှိစာရင်းအရ ဆန္ဒမဲပေးခွင့် ရှိသူဦးရေ ၉၀၁၀၀၀ ကျော်ရှိပြီး အသက် ၆၀ ကျော် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူဦးရေ ၁၁၀၀၀၀ ကျော်ရှိ ကြောင်း သိရသည်။

တွေ့ဆုံမေးမြန်း-

မျိုးမြင့်၊ မျိုးသူဟိန်း၊

ဓာတ်ပုံ- စိုးဝင်းထွန်း