နေပြည်တော် စက်တင်ဘာ ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ယနေ့ညနေ ၆ နာရီအချိန်တွင် ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူး Mr.Xu Qin နှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အတူ ဟေလုံကျန်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားများကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံမှုသည် ၇၅ နှစ်တာကာလကိုကျော်လွန်ခဲ့ပြီဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိမှု၊ ဟေလုံးကျန်းပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်လျက်ရှိမှု၊ အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားလျက်ရှိမှုနှင့် မြန်မာနိုင်ငံမှ ပညာတော်သင်များ တက်ရောက်သင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သီးနှံများအားဟေလုံကျန်းပြည်နယ်သို့ တင်ပို့နိုင်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာဖလှယ်မှုများဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှု၊ ဟေလုံကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။