နေပြည်တော် စက်တင်ဘာ ၃
(၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများ (18th AMME and Related Meetings) နှင့် အကြိမ် (၂၀) မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး (COP-20 AATHP) များကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းဖြင့် တက်ရောက်သည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးပထမပိုင်းတွင် ဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး H.E. Mr. Datuk Seri Johari Abdul Ghani နှင့် ဒုတိယဥက္ကအဖြစ် ဒုတိယဝန်ကြီး ဦးမင်းသူတို့က ဆောင်ရွက်ပြီး အမှာစကားပြောကြားကြကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က နိုင်ငံအလိုက် Statement များ ဖတ်ကြားခြင်း၊ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အရာရှိကြီးများအဖွဲ့၏ အလှည့်ကျဥက္က ဖိလစ်ပိုင်နိုင်ငံမှ ကိုယ်စားလှယ်က အာဆီယံဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပင်လယ်ကမ်းရိုးတန်းထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ၊ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေး၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စားသုံးမှုကိစ္စရပ်များဆိုင်ရာ အစီရင်ခံစာများနှင့် ရလဒ်များကို အတည်ပြုတင်ပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် အကြိမ် (၂၀) မြောက် အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးဆက်လက်ကျင်းပပြီး အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးသဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံ (၂၀၂၃-၂၀၃၀) နှင့် အာဆီယံဒေသသစ်ဆွေးမြေစီမံခန့်ခွဲမှု မဟာဗျူဟာ (၂၀၂၃-၂၀၃၀) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အာဆီယံနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးသဘောတူညီချက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ခြင်း၊ အာဆီယံမိုးလေဝသစောင့်ကြည့်လေ့လာရေးဌာန၏ အကဲဖြတ်ဆန်းစစ်ချက်အရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၅ ခုနှစ် မေလအတွင်း ခြောက်သွေ့ရာသီ၌ မဲခေါင်ဒေသတွင် Fire hotspot နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေ၊ မဲခေါင်ဒေသခွဲတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း Fire hotspot အရေအတွက်သည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့မှုနှင့် ၂၀၂၆ ခုနှစ် ဗီယက်နမ်နိုင်ငံ၌ (၂၁) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး သဘောတူညီချက်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးကျင်းပမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်