နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်ဇနီး ဒေါ်အေးအေးသိန်း၊ နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီးဒေါ်အေးသီတာတို့သည် ယနေ့နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ကြိုတင် ဆန္ဒမဲပေးကြသည်။
ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲရုံးသို့ လာရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကြိုတင် ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြသည်။
ထို့နောက် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲ လက်မှတ်များ ထည့်သွင်းကြသည်။
ထို့ပြင် ဥတ္တရသီရိခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိ မြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ အတွင်းရှိ မဲရုံများ၌လည်း ယနေ့တွင် ကြိုတင်ဆန္ဒမဲပေး ခွင့်ရှိသူများ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။
ဥတ္တရသီရိခရိုင် မြို့နယ်(၄) မြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ (၄၁၉၁၅၇)ဦး ရှိကြောင်း သိရသည်။
(သတင်းစဉ်)