Skip to main content

အသားထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာလုပ်ငန်း စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၈

အသားထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာလုပ်ငန်း စီမံချက်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနမှူးများ၊ တာဝန်ရှိ သူများ က Zoom Application အသုံးပြု၍ သက်ဆိုင်ရာ ဒေသများမှ ပါဝင်တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က  တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေး မြင့်မားစွာ ထုတ်လုပ်နိုင်မှသာ အရင်းအမြစ်များကို မထိခိုက်စေဘဲ ပြည်တွင်း စားသုံးမှုဖူလုံပြီး ပိုလျှံသည် များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်စေရန် ဈေးကွက်နှင့် ကိုက်ညီသည့်  ထုတ်ကုန်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ” ကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၆ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃) ဖြင့် အတည်ပြု ထုတ်ပြန် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ မိမိတို့အားလုံး ဥပဒေပါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးကြိုးပမ်းသွားကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီး၊   အမြဲတမ်းအတွင်းဝန်နှင့် အစည်းအဝေး တက်ရောက်လာ ကြသူများက  အသားထုတ် လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့်   အမျိုးသားအဆင့်   အာဟာရဆိုင်ရာ  လုပ်ငန်းစီမံချက်ချမှတ်  အကောင် အထည်ဖော်  ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို တင်ပြဆွေးနွေးကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေးဆွဲချမှတ်ဖော်ဆောင်လျက်ရှိသည့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS) နှင့်အညီ မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်၊ နိုင်ငံတွင်း အရင်းအမြစ်များကို မထိခိုက်စေဘဲ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေအရ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တိုးတက် စေရေး    ကြိုးပမ်းရာတွင်   သားငါးကဏ္ဍက  ၂ ဒသမ ၉ ရာခိုင်နှုန်း  တိုးတက်အောင် ပံ့ပိုး ပေးရန် ရည်မှန်းချက်နှင့်အညီ ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံ၏  တိုးတက်လာသည့် လူဦးရေအတွက် အသား၊ နို့၊ ဥ စသော အသားဓာတ်များ ဖူလုံစွာ ထုတ်လုပ် ပေးနိုင်ရန် မြန်မာ့မွေးမြူရေး ကဏ္ဍအနေဖြင့် စွမ်းအားရှိနေသော်လည်း တစ်ပိုင်တစ်နိုင် မွေးမြူရေး စနစ်ကိုသာ ကျင့်သုံးနေလျက်ရှိရာ   စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများအဖြစ်   တိုးချဲ့မွေးမြူ လာစေရန်၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP ကျင့်သုံးစေခြင်း၊ သုတေသနအခြေခံသော နည်းပညာများ ဖြန့်ဖြူးခြင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနက ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ် လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်