နေပြည်တော် အောက်တိုဘာ ၂၈
(၂၆) ကြိမ်မြောက် အာဆီယံ အလုပ်သမားဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ+၃ အလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားဝန်ကြီးများ၊ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အလုပ်သမားဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ အတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးများကို (Promoting ASEAN Workers for Competitiveness, Resilience, and Agility on The Future of Work) “အနာဂတ်အလုပ်အကိုင်အတွက် အာဆီယံ အလုပ်သမားများ၏ ယှဉ်ပြိုင် နိုင်စွမ်း၊ ခံနိုင်ရည်ရှိမှုနှင့် လျင်မြန်ဖျတ်လတ်မှုကို မြှင့်တင်ရေး”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး World Economic Forum အစီရင်ခံစာအရ အာဆီယံနိုင်ငံများ၏ ယှဉ်ပြိုင်နိုင်စွမ်းအဆင့် မညီမျှဘဲ ထုတ်လုပ်နိုင်စွမ်း ကွာဟမှုကြီးမားနေသဖြင့် အာဆီယံလုပ်သားထုကို ကျွမ်းကျင်မှု အရည်အသွေးတိုးတက်ပြီး ယှဉ်ပြိုင်နိုင် စွမ်းရှိစေရန်၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ အခြားအကျပ်အတည်းများကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကိုခံနိုင်ရည် ရှိစေရန်နှင့် ပြောင်းလဲလာမည့် အနာဂတ်အလုပ်အကိုင် လောက အတွက် လိုအပ်လာမည့် ကျွမ်းကျင်မှု များအတွက် ပြင်ဆင်ထားရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာဆီယံဝန်ကြီးများက အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် 26th ALMM အာဘော် “Promoting ASEAN Workers for Competitiveness, Resilience, and Agility on the Future of Work”သည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော fourth industrial revolution နှင့် COVID-19 ၏ သက်ရောက်မှု အခြေအနေတို့ကို အဖြေရှာရန်အတွက် ရည်ရွယ်ချမှတ်ရခြင်းဖြစ်ပြီး အဆိုပါ အခြေအနေ နှစ်ရပ်လုံးသည် နည်းပညာကြားခံနယ် (technology platform)အဖြစ် မဖြစ်မနေ၊ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ရန် တွန်းအားပေးလျက်ရှိကြောင်း။
နည်းပညာအခြေခံ လုပ်ငန်းများအဖြစ် ချက်ချင်းပြောင်းလဲခြင်းသည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု ရှိပြီး၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများမှာ ပုံစံအသစ်သို့ ပြောင်းလဲသွားပြီး Digitalization Platform သည် အလုပ်သမား ဈေးကွက်အတွက် အခြေခံလိုအပ်ချက်ဖြစ်လာပါကြောင်း၊ Digitalization သို့ လျင်မြန်စွာ ပြောင်းလဲမှုတွင် အလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် အတွက် Digital Infrastructure များ၌ ရင်းနှီးမြှုပ်နှံခြင်း၊ အလုပ်သမား ဈေးကွက်လိုအပ်ချက်၊ အခြေအနေနှင့်ကိုက်ညီသော ကျွမ်းကျင်မှုအသစ်များ ရရှိရေး လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ် ရမည် ဖြစ်ကြောင်း။
အလုပ်သမားများ၏ ခံနိုင်ရည်ရှိမှုနှင့် လျင်မြန်ဖျတ်လတ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ လူထုဗဟိုပြု ချဉ်းကပ်ပုံ၊ အနာဂတ်အလုပ်သမား ဈေးကွက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းများနှင့် အခြားနိုင်ငံများ၏ ဆောင်ရွက်ပုံနှင့် အတွေ့အကြုံများကို လေ့လာမျှဝေခြင်းသည် အလွန်အရေး ပါလာပါကြောင်း။
အလုပ်သမားရေးရာကဏ္ဍနှင့် စက်မှုကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် အဖြေရှာရာတွင် လူမှုတွေ့ဆုံ ဆွေးနွေးမှုသည် အလွန်အရေးပါသဖြင့် အစိုးရ၊ အလုပ်ရှင်/အလုပ်သမား ကိုယ်စားလှယ် များနှင့် သုံးပွင့်ဆိုင် အစည်းအဝေးများကို လိုအပ်သလိုကျင်းပလျက်ရှိပြီး၊ အစိုးရနှင့်အလုပ်ရှင်၊ အစိုးရနှင့် အလုပ်သမားအဖွဲ့အစည်း များနှင့်လည်း အပတ်စဉ်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော စိန်ခေါ်မှု များနှင့် အခက်အခဲများကို ဖြေရှင်း ရန်နှင့် လိုအပ်သော ကာကွယ်ရေးအစီအမံများ အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု အဆိုးဆုံးကြုံတွေ့ရသည့် လုပ်ငန်းများအတွက် အတိုးနှုန်း နည်းနည်းဖြင့် ငွေထုတ်ချေးရန် ကိုဗစ်-၁၉ ရန်ပုံငွေကိုလည်း အစိုးရကထူထောင်ထားကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ကလည်း အမျိုးမျိုးသော ဖြေလျှော့ပေးမှုများနှင့် အထောက်အပံ့များ ပေးလျက် ရှိပါကြောင်း။
မိမိတို့၏ ခိုင်မာသည့် စိတ်အားထက်သန်မှုနှင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း အတူတကွလက်တွဲ၍ အဆက်မပြတ် အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုတို့ကြောင့် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားနိုင်လိမ့်မည်ဟု မိမိအနေဖြင့် အလေးအနက် ယုံကြည်မိပါကြောင်း၊ အာဆီယံ+၃ နိုင်ငံများ၏ အတွေ့အကြုံကောင်းများ၊ ရရှိခဲ့သည့် သင်ခန်းစာများနှင့် အကူအညီများအား အာဆီယံ နိုင်ငံများထံ မျှဝေပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်းနှင့် ဤအစည်းအဝေးမှ ထုတ်ပြန်မည့် ပူးတွဲကြေညာချက်သည် အနာဂတ်အလုပ်အကိုင် ရလဒ်ကောင်းများ ရရှိအောင်မြင်ရေးအတွက် ဆက်လက်လျှောက်လှမ်းရမည့် ခရီးလမ်းပင်ဖြစ်ကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံမှ ဆွေးနွေးပြောကြားရာတွင် Master Plan on ASEAN Connectivity (MPAC) 2025 အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရန် အစဉ်တစိုက် ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး နှင့်ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် အလုပ်အကိုင်ရရှိရေးကို အာဆီယံနိုင်ငံများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဂျပန်နိုင်ငံမှ ဆွေးနွေးပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အသက်အရွယ်ကြီးသူများ ဝင်ငွေ ဖူလုံရေးဆိုင်ရာ လေ့လာမှု၊ အရည်အသွေး အာမခံမှုရှိပြီး ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး စနစ်များ အတွက် အာဆီယံ၏ အခြေခံလမ်းညွှန်ချက်များ စမ်းသပ်အကောင် အထည်ဖော်မှုတွင် ဆက်လက်၍ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကိုရီးယားနိုင်ငံမှ ဆွေးနွေးပြောကြားရာတွင် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တိုးတက်ရရှိရန် အလုပ်သမားနှင့် အလုပ်အကိုင်ဆိုင်ရာမူဝါဒများတွင် Gender Mainstreaming ကို ထင်ဟပ်စေရေး တိုးတက်ဆောင်ရွက် ခြင်းအပါအဝင် အလုပ်သမား ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော TVET သင်ရိုးညွှန်းတမ်းများမှတစ်ဆင့် အာဆီယံ လူသားအရင်းအမြစ်များ၏ ယှဉ်ပြိုင် နိုင်စွမ်းကို မြှင့်တင်ရန်၊ CLMV နိုင်ငံများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးအရာရှိများအတွက် TVET လေ့ကျင့်မှုများ မြှင့်တင်ရန် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အာဆီယံအလုပ်သမားဝန်ကြီးများက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားများနှင့် အလုပ်အကိုင်များအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ နိုင်ငံအလိုက်အခြေအ နေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်