Skip to main content

လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကြိုးပမ်း

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲကျင်းပရေးအတွက် ပြည်တွင်း၊ ပြည်ပမှအဖျက်အမှောင့် အနှောင့်အယှက်များအမျိုးမျိုးအဖုံဖုံ ရှိမည်ဖြစ်သော်လည်း ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်မှုရှိစေရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး မဲဆန္ဒနယ်များအလိုက် အချက်အလက်များကောက်ယူခြင်းနှင့် နယ်မြေအလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်ရယူခြင်းများကို ဆောင်ရွက်ခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်ထမ်းဆောင်နိုင်အောင် ရွေးကောက်ပွဲကိုပြုလုပ်နေခြင်းဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြီးနောက် လွှတ်တော်အသီးသီးခေါ်ယူဖွဲ့စည်းနိုင်ရေး၊ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှတာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတာဝန်ပေးအပ်ပြီး အစိုးရဖွဲ့စည်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်၍ ရွေးကောက်ပွဲအထမြောက်အောင်မြင်အောင်ကျင်းပနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့်စနစ်တကျဆောင်ရွက်လျက်ရှိသည်။

ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပသော နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း၊ ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်းရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့်၊ အပြုသဘောဆောင်သည့် နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့် နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပေ။ အခြားနိုင်ငံများတွင်လည်း သတ်မှတ်ထားခြင်းမရှိသည်ကို တွေ့ရသည်။ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူထုအများစု၏ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ လွှတ်တော်အစည်းအဝေးအထမြောက်ရန်အတွက်လည်း ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်ပါက အထမြောက်သည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် လွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၅၀ ရာခိုင်နှုန်းတက်ရောက်နိုင်ရန်ဆောင်ရွက်နိုင်သည့် မြို့နယ်အားလုံး၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

မဲမသမာမှုမရှိစေရေး၊ မဲပေးမှုမှန်ကန်တိကျရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အကုန်အကျခံကာစီစဉ်ထားသည်။ ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးသည့်ကာလမှ မဲပေးသည့်ကာလအထိ လုံခြုံစွာဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲကာလတွင်ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အကြမ်းဖက်သမားများက နှောင့်ယှက်ဟန့်တားတိုက်ခိုက်မှုများကို ထိရောက်သည့် ဟန့်တားကာကွယ်ပေးမှုများစီစဉ်ထားရာ နှောင့်ယှက်လာနိုင်သည့် အကြမ်းဖက်အဖျက်သမားအန္တရာယ်များကို ဝိုင်းဝန်းတားဆီးကာကွယ်သွားကြကာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။