နေပြည်တော် ဩဂုတ် ၁၂
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ဘဲလင်း (၁) ကုန်ထုတ်စခန်း၊ ဘဲလင်း (၂) ကုန်ထုတ်စခန်း၊ ကျောက်ဆည်မြို့ရှိ ရွှေစေတီဘိုးဘွားရိပ်သာနှင့် ကျောက်ဆည်မြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို စားရိပ်သာနှင့် ဓမ္မာရုံတို့တွင် စုစည်းတွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာရေးကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ အချိန်ပို အလုပ်ဆင်းစေမှု ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိအခြေအနေစသည်တို့ကို မေးမြန်းခဲ့သည်။
ဆက်လက်၍ အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများသန့်ရှင်းမှုရှိ မရှိစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းသည်။
ယင်းနောက် ကျောက်ဆည်မြို့ရှိ ရွှေစေတီဘိုးဘွားရိပ်သာအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာ ရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက် ပေးထားမှုနှင့် အသက် ၈၅ နှစ်ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား လှုမှုရေးပင်စင် ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျောက်ဆည်မြို့မ ရဲစခန်းအချုပ်ခန်းအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း သန့်ရှင်းမှုနှင့် မိလ္လာသုံးစွဲမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့အား အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်