နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့် ပြန်လည်လျှောက်လှမ်းနိုင်ရန် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် လိုအပ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ထိုစဉ်က အာဏာရနိုင်ငံရေးပါတီသည် မဲမသမာမှုများ ကျူးလွန်ခဲ့ခြင်း၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်မှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် ကြိုးစားခဲ့ခြင်းတို့က နိုင်ငံတော်၏ နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းလဲမှုဖြစ်ပေါ်စေခဲ့သည်။
“လွှတ်တော်အသီးသီးအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲကျင်းပရန်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန် အစိုးရ အဖွဲ့၊ တရားစီရင်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများကို ဖွဲ့စည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ယာယီသမ္မတ (တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅) ၌ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်မှုများအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်မဲပေးနိုင်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ခြောက်သန်းကျော်ကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ပြီး လူဦးရေဆိုင်ရာ အခြေခံအချက်အလက်များနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခြင်း၊ မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူခြင်း၊ နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ ရယူခြင်းတို့လည်း ဆောင်ရွက်ပြီးဖြစ်သည်။
ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရာတွင် လွတ်လပ်ရေးရပြီးကာလမှစတင်ကာ ကျင်းပပြီးစီးခဲ့သမျှသော ပါတီစုံရွေးကောက်ပွဲများအားလုံး နိုင်ငံတစ်ဝန်း ရာနှုန်းပြည့် ဟူသောအခြေအနေကိုမရရှိသေး။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ကျင်းပသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် လုံခြုံရေးဆိုင်ရာ အခြေအနေများကလည်း ရွေးကောက်ပွဲကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပနိုင်မည်မဟုတ်ဘဲ အပိုင်းအခြား၊ အကန့်အသတ်များဖြင့် ကျင်းပသွားရ မည့်အခြေအနေမျိုးဖြစ်သည်။ ပြည်တွင်းရှိ မြန်မာပြည်သူများ အားလုံးတို့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးဖြစ်ပေါ်လာစေရန် စိတ်အားထက်သန်လျက်ရှိပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရတစ်ရပ်နှင့် ဒီမိုကရေစီရှေ့ခရီးဆက်နိုင်ရန် မျှော်မှန်းနေကြခြင်းဖြစ်သည်။
ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိခြင်းကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် အခက်အခဲများစွာရှိမည်မဟုတ်ဟု ဆိုရမည်ဖြစ်သည်။ ထို့အပြင် လွှတ်တော်အစည်းအဝေးကျင်းပရာတွင် လွှတ်တော်တက်ရောက်ခွင့်ရသူ ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေးအထမြောက်ခြင်း၊ အထမမြောက်ပါကလည်း ဒုတိယအကြိမ်အစည်းအဝေးတွင် လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များအနက် အနည်းဆုံးသုံးပုံတစ်ပုံ တက်ရောက်ပါက ဒုတိယအကြိမ် အစည်းအဝေးအထမြောက်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှ လိုအပ်သည့်လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ထွက်ပေါ်လာရေးသည်လည်း များစွာခဲယဉ်းမည်မဟုတ်ပေ။ သို့ဖြစ်ရာ မဝေးတော့သည့်ကာလအတွင်း ဒီမိုကရေစီ လမ်းကြောင်းကြီးကို မြင်တွေ့နေရပြီဖြစ်သည်။
သို့ရာတွင် မြန်မာပြည်သူတို့၏ ဆန္ဒနှင့်ဆန့်ကျင်စွာပင် ရွေးကောက်ပွဲကို မလိုလားသူများ၊ အဖျက်အမှောင့်ပြုလိုသူများက ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်မှုမရှိစေရန် အမျိုးမျိုးအသံပေးနေကြပြီဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ပြည်သူ့အားဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရပါမည့် အကြောင်း။ ။