Skip to main content

မြန်မာ-အမေရိကန် ကိုဗစ်-၁၉ အလွန် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအား ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (ဒီအက်ဖ်စီ)၏ အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား ဦးဆောင်သော အမေရိကန် အစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကြောင့် ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စီးပွားရေးတိုးတက်မှု အခြေအနေများကို အသိပေးပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည် ထူ‌ထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အမေရိကန် ပြည်ထောင်စုက ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာစွာဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ခွင့်ပြုလျက်ရှိသည်ကို သိရှိရသည့်အတွက် အသိအမှတ်ပြုကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍများတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကို ဆွေးနွေးသည်။ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေးအတွက် လိုအပ်သော နည်းပညာ အကူအညီများကို ဆက်လက် အထောက်အပံ့ပေးလိုကြောင်းလည်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဈေးကွက်ရရှိ‌ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့အတွက် နည်းပညာ အကူအညီပေးရန် အသင့်ရှိကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အစိုးရအရာရှိများ တက်‌ရောက်ခဲ့ကြပြီး အမေရိကန်ပြည်ထောင်စုဘက်မှ ဒီအက်ဖ်စီ၏ အမှုဆောင် အရာရှိချုပ်နှင့်အတူ အမေရိကန်ပို့ကုန်-သွင်းကုန်ဘဏ်၊ ဘဏ္ဍာထိန်းဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတို့မှ အကြီးတန်း အရာရှိများ ပါဝင်တက်‌ရောက်ခဲ့ကြသည်။

ဒီအက်ဖ်စီသည် အမေရိကန်အစိုးရက ချမှတ်ခဲ့သည့် Better Utilization of Investments Leading to Development Act (BUILD) အရ ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့်   အမေရိကန်ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖွံဖြိုးဆဲနိုင်ငံများက စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းပညာ ကဏ္ဍများတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကူညီဖြေရှင်းနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဒီအက်ဖ်စီသည် ပုဂ္ဂလိကကဏ္ဍ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံကိန်းများ၊ နည်းပညာသစ်များ အသုံးချရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

(သတင်းစဉ်)