မြန်မာနိုင်ငံသည် ရေခံမြေခံ၊ အခြေခံကောင်းများရှိပြီးဖြစ်သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို လုပ်ရည်ကိုင်ရည်ရှိသူများ၊ နိုင်ငံတော်ကို ကောင်းမွန်စေလိုသော စေတနာရှိသူများအားလုံး လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြပါက နိုင်ငံတော်အနေဖြင့် စိန်ခေါ်မှုနှင့်အကျပ်အတည်းများ မည်သို့ရှိသည်ဖြစ်စေ အခက်အခဲမှန်သမျှတို့အား လွန်မြောက်ကျော်လွှားပြီး နိုင်ငံအကျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် လေးနှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ရန်ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်အစိုးရက အကောင်းဆုံး ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်တာဝန်ယူခဲ့ပြီး နောက်ပိုင်းကာလတွင် လုပ်ငန်းတာဝန်များထမ်းဆောင်နိုင်ရေးအတွက် အရပ်ဘက်၊ စစ်ဘက်အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသူများကို အမြန်ရွေးချယ်၍ တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် လုပ်ငန်းနယ်ပယ်အသီးသီးနှင့် အစိုးရယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ခဲ့သည်။ အရေးပေါ်အခြေအနေကာလတွင် အခက်အခဲများနှင့် ပိတ်ဆို့နှောင့်ယှက်မှုအများအပြားကြားမှ လုပ်ငန်းများအောင်မြင်စွာလည်ပတ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံရေးပိုင်းဆိုင်ရာတွင် ပြည်သူများရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်မတ်စွာလျှောက်လှမ်းလျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းဖြစ်သည်။ ပြည်သူများက ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုသည်ဟု ဆန္ဒရှိသဖြင့် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် အုတ်မြစ်ချပေးခဲ့သည်။ လက်ရှိအချိန်တွင် ပြည်သူများ၏ လိုလားချက်ဆန္ဒများအား မျက်ကွယ်မပြုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ပေါက်လာစေရန် အစဉ်တစိုက်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ ရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိကကျပြီး အရေးကြီးသောအချက်ဖြစ်သည်။ စီးပွားရေးအားကောင်းမွန်မှသာလျှင် နိုင်ငံရေးအားလည်းကောင်းမွန်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် ဝိုင်းဝန်းမြှင့်တင်ဖော်ဆောင်လျက်ရှိသည်။
နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးပိုင်း၌ အားနည်းချက်များရှိနေခြင်းသည် စီးပွားရေးလုပ်ဆောင်နိုင်မည့် အတတ်ပညာ အားနည်းနေခြင်းကြောင့်ဖြစ်သည်။ အတတ်ပညာသည် အတန်းပညာတွင် အခြေခံသောကြောင့် ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ရမည်ဖြစ်သည်။ ပေါ်ပေါက်လာမည့် လွှတ်တော်အခင်းအကျင်းတွင် ဥပဒေပြုသူများပါဝင်မည်ဖြစ်၍ ပညာရေးကောင်းမွန်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းမွန်မည့် ကိုယ်စားလှယ်များပါဝင်ရန်လိုအပ်သည်။ အလားတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးစသည့် နယ်ပယ်အသီးသီးတွင်လည်း စိတ်ကောင်းစေတနာမှန်နှင့် လုပ်ရည်ကိုင်ရည်ရှိသူများ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုကဲ့သို့ အခြေအနေကောင်းတစ်ခုသို့ ရောက်ရှိလာခြင်းသည် နိုင်ငံတော်အပေါ် စေတနာထားသူများနှင့် လုပ်ရည်ကိုင်ရည်ရှိသူများ အားလုံးပူးပေါင်းပါဝင်ပြီး အခက်အခဲပေါင်းစုံတို့ကို ရင်ဆိုင်ကျော်ဖြတ်ကာ အောင်မြင်လာခြင်းဖြစ်၍ လာမည့်အနာဂတ်ကာလတွင်လည်း ကြိုးစားအားထုတ်ရကျိုးနပ်မည်ဟု ယုံကြည်သည်။ နိုင်ငံတော်ကိုအကောင်းဆုံးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ကြရာ၌ နယ်ပယ်ကဏ္ဍအသီးသီး၌ အရည်အချင်းရှိသူများ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို ပြည်သူလူထုတစ်ရပ်လုံးကလည်း တတ်စွမ်းသရွေ့တစ်တပ်တစ်အား ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးကြမှသာလျှင် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံသစ်ကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။