Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)၌ တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းက အသစ်ဖွင့်လှစ်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နေရာဌာနအသစ်တွင် စတင်ဆောင်ရွက်ရသည့်အတွက် ကြုံတွေ့နိုင်သည့် အခက်အခဲများအပေါ် အနာဂတ် မျိုးဆက်သစ်များ၏ အကျိုးကိုမျှော်မှန်းပြီး စုစည်း ညီညွတ်သည့်စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ပြောင်းရွှေ့မှု၊ နေထိုင်သွားလာမှုနှင့် သင်ကြားရေး လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် စနစ်တကျစီမံထားပြီးဖြစ်ကြောင်းနှင့် လိုအပ်ချက်ရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)တွင် တာဝန်ထမ်းဆောင်ကြမည့် စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့မှ သင်ကြားရေး ဆရာ ဆရာမများ၊ စီမံနှင့်ရုံးလုပ်ငန်းဆိုင်ရာဝန်ထမ်းများက အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်ချက်များ စီမံဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်