နေပြည်တော် ဩဂုတ် ၇
မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းကို ယမန်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ဆွေးနွေးပွဲသို့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် ဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နှစ်ဖက်ဆွေးနွေးရာတွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၆ ရက် အထိ ကျင်းပမည့် 8th Cairo Water Week တွင် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး၊ မြေဩဇာနှင့် ပိုးသတ်ဆေးများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ အာလူး၊ လိမ္မော်သီး၊ အဖျော်ယမကာ၊ ပြုပြင်အစားအစာများအတွက် အနံ့အရသာ ထည့်သွင်း သည့်ပစ္စည်းများ အီဂျစ်နိုင်ငံမှ တင်ပို့နိုင်ရေး၊ မြန်မာနိုင်ငံမှ ဆန်၊ ပဲဆီ၊ ပြောင်း၊ ကော်ဖီစေ့၊ လက်ဖက်၊ ငါး၊ ပုစွန်အစရှိသည်တို့အား အီဂျစ်နိုင်ငံသို့ တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရေး၊ စက်မှု လယ်ယာစနစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်စေရေး၊ စိုက်ပျိုးရေး နည်းပညာများ ဖလှယ်နိုင်ရေး၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ ဝါနှင့်အာလူးသီးနှံ ကဏ္ဍအတွက် နည်းပညာအကူအညီများ (စိုက်ပျိုးမှုနှင့် ဝါမျိုးစေ့) ရရှိရေး၊ အီဂျစ်ဘက်မှ မျိုးသစ်များကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးနိုင်ရေး၊ နှစ်ဖက်ပညာရှင်များအကြား သုတေသနများ ပူးပေါင်းဆောင်ရွက်နိုင်ရေးစသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်