နေပြည်တော် သြဂုတ် ၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာ အတတ်သင်ကောလိပ် (TTTC ဘယ်လင်း) တွင် ကျင်းပသည့် EV Mechanics သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက နိုင်ငံတွင် EV သုံးစွဲမှု မြင့်တက်လာရာ ပြည်သူများ EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေးအတွက် သင်တန်းသားများသည် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားကြရန်၊ EV ကဏ္ဍဖွံ့ဖြိုးရေးအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် EV နည်းပညာရှင်များ ဖြစ်စေရေးအတွက် သင်တန်းချိန်များကို တန်ဖိုးထား၍ ကြိုးစားလေ့ကျင့်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100၊ ဗို့အား မြင့် မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူ မော်ကျူးများ အသုံးပြုကာ စက်ပြင်ဆရာ (မက္ကင်းနစ်များ) ၏ နည်းပညာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သိသင့်သော EV နည်းပညာများ၊ မဖြစ်မနေလေ့ကျင့်သင့်သော လက်တွေ့လုပ်ငန်းများဖြင့် လက်တွေ့ကျကျ တတ်မြောက်သင့်သည့် လက်တွေ့လုပ်ငန်းများကို သင်တန်းကာလ ငါးရက်၊ သင်တန်းချိန်နာရီ ၃၀ ဖြင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်