Skip to main content

နောင်ချိုမြို့၌ ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် အဆိုပါဒေသတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ လိုအပ်သည့်ပြုပြင်၊ ပြင်ဆင်တည်ဆောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြရာ ယနေ့တွင် ပြည်သူ့ဆေးရုံကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နောင်ချိုမြို့နယ် ပြည်သူဆေးရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တပ်မတော်မှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီး တာဝန်ရှိသူများက ပြည်သူ့ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်း၍ ဆေးရုံအား ဖွင့်လှစ်ပေးသည်။ ထို့နောက် တာဝန်ရှိသူများက ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား လိုက်လံကြည့်ရှု၍ ဆေးဝါးကုသထားရှိမှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားကြသည်။

နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ နယ်မြေခံတပ်နယ်/ တပ်ရင်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များ ပူးပေါင်း၍ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနနှင့် လူနာကုသဆောင်များ ပြုပြင်ခြင်း၊ ရွှေ့လျားခွဲစိတ်ခန်းတပ်ဆင်ပေးခြင်း၊ ရွှေ့လျား ဓာတ်မှန်စက်နှင့် အာထရာဆောင်းစက်များ တပ်ဆင်ပေးခြင်းနှင့် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ (၂) ရက်နေ့နံနက်ပိုင်းမှစ၍ လူနာများအား လက်ခံကုသပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါပြည်သူ့ဆေးရုံအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်နေသည့်ကာလအတွင်းတွင်လည်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၁ ရက်အထိ ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၆၉၅ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အသက် (၅) နှစ်အောက်ကလေး ၁၇၅ ဦးအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။