Skip to main content

ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

ဝါးစိုက်ပျိုးပြုစုစီမံအုပ်ချုပ်ခြင်း၊ မျှစ်ထုတ်လုပ်ခြင်းနှင့် ဝါးလက်မှုကဏ္ဍ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဝါးလက်မှုပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မျှစ်ထုတ်လုပ်မှု၊ ဝါးအခြေခံလက်မှု ပစ္စည်းများထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နည်းပညာနှင့် စျေးကွက်အခွင့်အလမ်း များ ဆွေးနွေးဖလှယ်နိုင်ရန်နှင့် လုပ်ငန်းရှင်နှင့်ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး နှင့် ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် ပေါက်ရောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နှစ်စဉ် ဝါးတော ထွက်နှုန်းမှာ ဝါးလုံးရေ ၃၁၈ သန်းရှိကြောင်း၊ ဝါးသည် မျှစ်ထုတ်လုပ်မှုမှစတင်၍ လက်မှုလုပ်ငန်း ထုတ်ကုန်အထိ စီးပွားရေးတန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် သဘာဝထုတ်ကုန် ဖြစ်ကြောင်း၊ မျှစ်နှင့် ဝါးထုတ်ကုန်များအား ပြည်တွင်း စျေးကွက်သာမက ပြည်ပစျေးကွက်များအထိ ရောက်ရှိစေရေးအတွက် လုပ်ငန်းအဆင့်မြှင့်တင်မှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးစံနှုန်းပြည့်မီမှုများသည် များစွာအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သစ်၊ ကြိမ်၊ ဝါးကုန်ကြမ်းများ အသုံးပြုထုတ်လုပ်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်ကြမ်းရရှိရေး၊ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးနှင့် နည်းပညာမြှင့်တင်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ဝါးအခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းပြောကြားပြီး မျှစ်နှင့်ဝါးထုတ်ကုန်များ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးပြီး စာတမ်းရှင်များ၏ပိုစတာများကို ကြည့်ရှုသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာ နိုင်ငံ ဝါးထုတ်လုပ်မှုနှင့် ဝါးသယံ ဇာတစာရင်းကောက်ယူမှု၊ ဝါး အခြေခံစက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်းနည်းပညာ၊ စျေးကွက်နှင့် အနာဂတ်အလားအလာ၊ ဝါးအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် စျေးကွက်လိုအပ်မှု၊ ဝါးကုန်ကြမ်းများရရှိနိုင် မည့်အခြေအနေနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် ဆွေးနွေးမှုရလဒ်များအား ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်