နေပြည်တော် ဇူလိုင် ၂၉
လက်နက်ကိုင်အစွန်းရောက်အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်အားကိုးဖြင့် ဓားပြတိုက်လုယက်ခြင်း၊ ပြန်ပေးဆွဲခြိမ်းခြောက်ငွေတောင်းခံခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များကိုပါ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘကျေးရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ “DENKO” စက်သုံးဆီဆိုင်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အားခြောက်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဆီဆိုင်ဝန်ထမ်းများထံမှ လက်ကိုင်ဖုန်းလေးလုံး၊ ရွှေနားကပ်နှစ်ရံ၊ ဆိုင်ကယ်နှစ်စီး၊ ဆီရောင်းချရငွေ ၅ သိန်းကျပ်နှင့် ဆီဖြည့်ရန်ရောက်ရှိနေသည့် ညောင်ဦးမြို့နယ် ဘုန်းတော်ကျေးရွာနေ ဦးစန်းယု (၃၈)နှစ်၏ HONDA Fit အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးတို့အား လုယက်ယူဆောင်ပြီး ဆီဆိုင်ဝန်ထမ်းများအနက် ဆီဆိုင်မန်နေဂျာဖြစ်သူ ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက်နေ ဦးဝင်းမြင့်ထွန်း(ခ)ဦးညီညီထွန်း(၄၀)နှစ်နှင့် ဒုမန်နေဂျာဖြစ်သူ ညောင်ဦးမြို့နယ် တောင်ဘကျေးရွာနေ ဦးဆန်းလွင်ဦး (၄၂) နှစ်တို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ညောင်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းရေးလုပ်ငန်းများအား လိုက်လံဆောင်ရွက်ခဲ့သည်။
ထိုသို့ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အဆိုပါစက်သုံးဆီဆိုင်၏ အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ ကန်ပေါက် (အရှေ့)ကျေးရွာနှင့် ကျောက်ကန်ကျေးရွာကြားအရောက် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦးအား MA-13 သေနတ်တစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ်တစ်ခု၊ MA- 1 သေနတ်တစ်လက်၊ ၎င်းကျည် ၁၀ တောင့်နှင့် ကျည်အိမ်တစ်ခုတို့နှင့်အတူ အသေပစ်ခတ်ဖမ်းဆီး ရမိခဲ့ပြီး ကျန်အကြမ်းဖက်သမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်မှ “DENKO” စက်သုံးဆီဆိုင် အား ဝင်ရောက်ဓားပြတိုက်လုယက်ကာ ဆီဆိုင်ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ညောင်ဦးမြို့မရဲစခန်း၌ (ပ)၆၂/၂၀၂၅၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ခ) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးခံရသူများအား ပြန်လည် ကယ်တင်နိုင်ရေးနှင့် အကြမ်းဖက်လုယက်ယူဆောင် သွားသည့်ပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်