မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အပြင်းထန်ဆုံး ဖြစ်ခဲ့သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ လေးလတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အဆိုပါငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် စုစုပေါင်း ၁၀ ခုတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ပြီး အိမ်ထောင်စုပေါင်း ၁၃၀၀၀၀ ခန့်၊ လူဦးရေပေါင်း ၆၃၀၀၀၀ ခန့်တို့ ငလျင်ဘေးအန္တရာယ် ကြုံတွေ့ခဲ့ကြရသည်။
ပြင်းအားရစ်(ခ်) တာစကေး ၇ ဒသမ ၇ ရှိပြီး စက္ကန့် ၈၀ ခန့်ကြာမြင့်သည့် ပြင်းထန်သော ငလျင်ကြီးကြောင့် မိုင်ပေါင်း ၃၆၀ ကျော် ရှည်လျားသည့် မြေအက်ကွဲကြောင်းကြီး ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့အရှည်ဆုံး အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် စာရင်းဝင်သွားခဲ့သည်။ ငလျင်ကြောင့် ပျက်စီးမှုများတွင် လူနေအိမ် ၆၄၀၀၀ ခန့်၊ စာသင်ကျောင်း ၆၇၀၀ ကျော်၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၅၀၀ ခန့်၊ အခြားဘာသာရေးအဆောက်အအုံ ၆၀၀ ကျော်၊ ဆေးရုံဆေးခန်း ၆၀၀ ခန့်၊ ရထားလမ်း ၅၆ ခု၊ လမ်း ၂၇၀ ကျော်၊ အမြန်လမ်းပိုင်း ၁၉၈ ခု၊ ဆည်တမံ ၅၈၆ ခု၊ တံတား ၁၇၂ စင်းတို့ပါဝင်ပြီး ပျက်စီးမှုများကိုကာလတို၊ ကာလလတ်၊ ကာလရှည်စသည်ဖြင့် အဆင့်အလိုက် ပြင်ဆင်တည်ဆောက်မှုများ ပြုလုပ်လျက်ရှိသည်။
အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ပြတ်ရွေ့ကြောင်းတစ်လျှောက်ရှိ မြို့များတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အဓိကအားဖြင့် ခေတ်ဟောင်းအဆောက်အအုံများ၊ အရည် အသွေးနိမ့်ကျစွာ တည်ဆောက်ထားသည့် အဆောက်အအုံများ အပျက်အစီးကြီးမားကြသည်ကို တွေ့ရသည်။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပသည့် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “မိမိအနေဖြင့် ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် ငလျင်သဘာဝဘေးဒဏ်သည် အင်ဂျင်နီယာပိုင်းဆိုင်ရာအတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာရှုထောင့်အရ အဆောက်အအုံများ တည်ဆောက်ရာတွင် စနစ်တကျ တွက်ချက်ဆောက်လုပ်သင့်သည်ကို သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ အဆောက်အအုံများကို တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ်ကပင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ခံနိုင်ရည်ရှိစေရန် ခေတ်မီနည်းပညာများအသုံးပြု၍ စနစ်တကျ တွက်ချက်တည်ဆောက်ကြရန်လိုသည်။
မိမိတို့နိုင်ငံသည် ရာသီဥတု၊ မြေမျက်နှာပြင်၊ တည်နေရာ အနေအထားတို့အရ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ ကျရောက်နိုင်ခြေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ထားသော အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိအောင် ကြိုတင်ခန့်မှန်းတွက်ချက်တည်ဆောက်ထားကြရန်လိုသည်။ ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် နေပြည်တော်၌ “ငလျင်ကာလအလွန် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ (Post Earthquake Technical Forum) က နိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် လိုအပ်သည့် နည်းပညာများ ရရှိလာ စေရန် ဖော်ထုတ်ပေးနိုင်မည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်ခြေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် နှစ်စဉ်ရာသီချိန်အလိုက် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များ၊ ခန့်မှန်းတွက်ချက်၍မရသော မြေငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိအောင် တည်ဆောက်သွားကြရမည်ဖြစ်ရာ မိမိတို့နိုင်ငံ၏ ရေမြေသဘာဝ၊ ပကတိအခြေအနေများနှင့် ကိုက်ညီသော နည်းပညာများကို နည်းလမ်းအသွယ်သွယ်ဖြင့် ရယူဖန်တီးအသုံးပြုကြရပါမည့်အကြောင်း။ ။