နေပြည်တော် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ကျောင်းပြန်လည်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (လောက်ဖန်း)၌ ပြုလုပ်ရာ တပ်မတော်မှတာဝန်ရှိသူများ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ ဗိုလ်မှူးကြီး မြင့်ဟိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ချီးမြှင့်ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ် ၁၅၀ စုံ၊ ခဲတံ ၅၀ ဒါဇင်၊ ဘောပင် ၃၀၀ ချောင်းနှင့် ကျောင်းဝတ်စုံ ၁၅၀ စုံတို့ကို ပေးအပ်ချီးမြှင့်ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့မှ ကျောင်းသား၊ ကျောင်းသူများသည်လည်း အခြားအေးချမ်းသည့် ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများနည်းတူ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုတို့ပူးပေါင်း၍ အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။