Skip to main content

နေပြည်တော် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး မိုးရာသီသစ်ပင်စိုက်ပျိုး

နေပြည်တော် ဇူလိုင် ၂၆

နေပြည်တော်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဘုရားအနီး ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၌ စာသင်ကျောင်းများ၊ ဆေးရုံများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများနှင့် မြို့၊ ကျေးရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများက မြို့လုံးကျွတ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့သို့ သွားရောက်ပြီး မြို့တွင်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှတ်- ၁ ရပ်ကွက် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ အမှတ်-၂ ရပ်ကွက် အောင်ဇေယျလမ်းနှင့် လမ်းမတော်လမ်း၊ အမှတ်-၃ ရပ်ကွက် ဘုရားလမ်းနှင့် ဖောင်တော်ချက်မဘုရားဝင်းများတွင် လမ်းဘေးရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြုလုပ်သည့် သဘာဝဘေးအသိပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျောင်းသား ကျောင်းသူများကို သဘာဝဘေးအသိပညာပေးဟောပြောပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြုပုံ သရုပ်ပြခြင်း၊ ဉာဏ်စမ်းပဟေဠိကစားခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံရှင်းလင်းပြသနေမှုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား ကျောင်းသူများက ငလျင်ဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခန်းဆောင်ရွက်မှုကို ကြည့်ရှုအားပေးပြီး သရုပ်ပြလေ့ကျင့်မှုတွင် ပါဝင်သရုပ်ပြသခဲ့သည့် ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် ကုလားရွာသို့ သွားရောက်၍တောင်သူများနှင့် တွေ့ဆုံပြီး အောင်နိုင်တိုးမျိုးစပါး၊ နေကြာနှင့် ပဲတီစိမ်းမျိုးစေ့များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များက သဘာဝမြေဩဇာနှင့် မျိုးစေ့ချကိရိယာ (Seeder) များကိုလည်းကောင်း ပေးအပ်ကြကာ ဆင်သေချောင်းဘေး၌ သီးနှံများစိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

အောင်ကို (ပုဗ္ဗသီရိ)