Skip to main content

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ

နေပြည်တော် ဇူလိုင် ၂၅

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSMEလုပ်ငန်းကော်မတီ အစည်းအဝေးများကို ကျင်းပလာခဲ့သည်မှာ (၅)ကြိမ်ရှိခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်၍ သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအစိုးရ အဖွဲ့များနှင့် အေဂျင်စီများ ချိတ်ဆက်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ပါ MSME လုပ်ငန်းများ ပိုမိုစနစ်ကျပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဖြစ်ကြောင်း၊ အဆိုပါကဏ္ဍမှ တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေး၊ စိုက်ပျိုးရေးပိုင်းတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ပညာရှင်များက သုတေသနလုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မွေးမြူရေးပိုင်းတွင်လည်း အသား၊ ငါး၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ သတ်မှတ်အရည်အသွေး ပြည့်မီစေရေးအတွက် အစာ၊ ဆေး၊ ကုသမှု၊ ပြုစုမှုအပိုင်းများတွင် သုတေသနလုပ်ငန်းများ ကြပ်မတ်လုပ်ဆောင်သွားရန်လိုကြောင်း။

အကျိုးရှေးရှုလျက် ပူးပေါင်းပါဝင်

ထိုသို့ ဆောင်ရွက်ရာ၌ နိုင်ငံတော်ကပံ့ပိုးပေးရမည့်အပိုင်းတွင် နိုင်ငံတော်ကိုယ်စား မိမိတို့လုပ်ငန်းကော်မတီအပါအဝင် သက်ဆိုင်ရာ MSME လုပ်ငန်းအဖွဲ့ဝင်များက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေကြသည့် MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးပေးကူညီပြီး ချိတ်ဆက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုအပ်သည့် နည်းပညာ၊ လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရေးအတွက် နည်းပညာများ အသိပညာပေးရေးနှင့် ပြန့်ပွားရေးတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင်ငွေကြေးအရင်းအနှီးများ စိစစ်ပံ့ပိုးပေးနိုင်ရေးနှင့် အခြားလိုအပ်ချက်ဖြစ်သည့် ပြည်ပဈေးကွက်ကို ချိတ်ဆက်ပေးပြီး ဈေးကွက်ခိုင်မာစွာရရှိရေး ဆောင်ရွက်ပေးရမည့်တာဝန်မှာ မိမိတို့၏ တာဝန်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့်နည်းပညာနှင့် လူသားအရင်းအမြစ်များကို စက်မှုဝန်ကြီးဌာနနှင့် အေဂျင်စီများ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးနေသည့် နည်းပညာဆိုင်ရာ သင်တန်းများနှင့် ဆွေးနွေးပွဲများမှ ရယူရမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် MSME လုပ်ငန်းများနှင့် သက်ဆိုင်သည့် သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်သားများကို ကျွမ်းကျင်လုပ်သားများနှင့် နည်းပညာရလုပ်သားများ ဖြစ်စေရန်လေ့ကျင့် သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အနာဂတ်တွင် လုပ်ငန်းများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိရှိပြီး မိမိကိုယ်ကို ရေရှည်ရပ်တည် နိုင်ရန်အတွက် KG+9 အောင်မြင်ပြီးသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိကြောင်း၊ ယင်းအပိုင်းကို အစိုးရပိုင်းနှင့် လုပ်ငန်းရှင်များက နှစ်ဦးနှစ်ဖက် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ငွေကြေးအရင်းအနှီးကိစ္စနှင့် ပတ်သက်၍ နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ MSME ချေးငွေများရယူရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးသွားသည့် လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေကြေးအရင်းအနှီးလိုအပ်ကြောင်း၊ ချေးငွေများထုတ်ချေးရန်အတွက် ချေးငွေစည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအရ ကန့်သတ်ချက်များရှိကြောင်း၊ အဆိုပါ ကန့်သတ်ချက်များအနက်မှ ဖြေလျှော့ပေးသင့်သည်များကို ဖြေလျှော့ ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME ချေးငွေ အဖြစ် ငွေကျပ် ဘီလီယံ ၁၇၀ အနက်မှ ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေး ပေးလျက် ရှိပြီး ဘီလီယံ ၂၀ ကို MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က MSME ချေးငွေထုတ်ချေးရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီသည့် လုပ်ငန်းရှင်များကို ထုတ်ချေးပေးရန်လမ်းညွှန်ထားကြောင်း၊ ပုဂ္ဂလိက ဘဏ်များသည် MSME ချေးငွေလုပ်ငန်းများ လုပ်ဆောင်ရာတွင် သီးခြားဖြစ်နေရာမှ ရန်ပုံငွေစီမံ ခန့်ခွဲမှုကော်မတီ၏ ညှိနှိုင်းပေးမှုများကြောင့် ယခုအခါ ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်က MSME ချေးငွေများ ဆောင်ရွက်ပေးသွားမည်ကို လုပ်ငန်းရှင်များအား အသိပေးပြောကြားလိုကြောင်း၊ အာမခံလုပ်ငန်းတွင် မူလသတ်မှတ်ချက်အဖြစ် မြန်မာငွေကျပ် သန်း ၂၀ ခွင့်ပြုထားရာမှ ယခုအခါ ညှိနှိုင်းဆွေးနွေးမှုများအရ သန်း ၅၀ ချေးနိုင်ရန်အတွက် SOP ရေးဆွဲလျက်ရှိပြီး အာမခံကုမ္ပဏီများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်စိတ်တစ်ပိုင်းမှပါဝင်ပြီး လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အတွက် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များက နိုင်ငံ့အကျိုးရှေးရှုလျက် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း။

တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်

လုပ်ငန်းရှင်များအနေဖြင့် ရရှိလာသည့် ချေးငွေများကို အကျိုးရှိရှိဖြင့် မိမိတို့၏ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက်မဖြစ်မနေ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင်မိမိထုတ်ကုန်များကို ပြည်တွင်းအတွက်သာမက ပြည်ပအတွက်ပါရည်ရွယ်၍ ကြိုးစားထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်လုပ်သွားနိုင်ရေး ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ရှိသည့် အေဂျင်စီများက လုပ်ငန်းရှင်များကို အသိပညာပေး၍ တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ် ဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်များ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များက မိမိတို့၏ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်သည့် အရည်အသွေးမီတန်ဖိုးမြင့် ထုတ်ကုန်အဖြစ်ထုတ်လုပ်ပြီး ဈေးကွက်ချိတ်ဆက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြည်ပနှင့် ဈေးကွက်ချိတ်ဆက်ပေးနိုင်ရေး မိမိတို့လုပ်ငန်းကော်မတီနှင့် အေဂျင်စီများမှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် MSME ပြပွဲနှင့် ပြိုင်ပွဲများတွင်လည်း One Stop Service ဖြင့် ပြည်ပပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များကို မိမိတို့၏ စီးပွားရေးသံမှူးများမှ တစ်ဆင့်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ချိတ်ဆက်မှုအရ ပို့ကုန်ပေးပို့မှုအပေါ် နိုင်ငံတကာ ကုမ္ပဏီများနှင့် လုပ်ငန်းကိစ္စ ဘဏ်များနှင့် ချိတ်ဆက်ရသည့်ကိစ္စရပ်များ၌ Interact ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာရပ်များ၊ စီးပွားရေးဆိုင်ရာ အသုံးချရယူရမည့် နည်းပညာပိုင်းများကို မဖြစ်မနေ ကျွမ်းကျင်စွာတတ်မြောက်အသုံးပြုတတ်ရန် လိုအပ်ပါကြောင်း။

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်လုပ်သားများမွေးထုတ်

လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများဖြင့် စံချိန်စံညွှန်းမီထုတ်ကုန်များ ထုတ်လုပ်နိုင် ရေး ပညာရှင်များဖြင့် နည်းပညာများကို သင်ကြားပေးသွားရမည်ဖြစ်ကြောင်း၊ နည်းပညာများကို အသိပညာပေး သင်ကြားသူများအနေဖြင့်လည်း အလွယ်တကူ သိလွယ်၊ တတ်လွယ်သည့် သင်ကြားမှုအပိုင်းများနှင့် ဆွေးနွေးမှုအပိုင်းများဖြင့် သင်ကြားဆွေးနွေး ပေးရန်လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့်အချက်မှာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း သင်တန်းများဖွင့်လှစ်၍ လုပ်ငန်းရှင်များနှင့် လုပ်သားများအား နည်းပညာများ၊ စီမံခန့်ခွဲမှုပိုင်းနှင့် ဈေးကွက်ရရှိမှုဆိုင်ရာ စွမ်းရည်များတိုးတက်လာစေရန် သင်တန်းအမျိုးအစား ၄၄၁ မျိုးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သက်ဆိုင်ရာဝန်ကြီးဌာန Website များတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ သင်တန်းအကြိမ်အရေအတွက် စုစုပေါင်း ၇၂၇၃ကြိမ် ဖွင့်လှစ်ခဲ့ရာ သင်တန်းသားစုစုပေါင်း ၁၅၀၈၁၉ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းများအပြင် MSME ကဏ္ဍ၌ လိုအပ်သည့်စွမ်းရည်များ တိုးတက်လာစေရန် ယခုထက်ပိုမိုတိုးတက်ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံအတွင်းရှိသည့် MSME လုပ်ငန်းများနှင့် မှတ်ပုံတင်လုပ်ငန်းများ အရေအတွက်ကို ကြည့်မည်ဆိုပါက လျော့နည်းနေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတို့မှ MSME လုပ်ငန်းများ၊ MSME နှင့် ဆက်စပ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ သီးခြားပုဂ္ဂလိက စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပျက်စီးမှုအမျိုးအစား တစ်ခုချင်းအလိုက် အသေးစိတ်စာရင်းပြုစု၍ နိုင်ငံတော် အကြီးအကဲထံတင်ပြရာ ချက်ချင်းချေးငွေ ထုတ်ပေးရန်သဘောတူခဲ့ကြောင်း၊ ထိုသို့ ချေးငွေထုတ်ပေးရာတွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ ပထမ အပိုင်းအနေဖြင့် MSME ချေးငွေအဖြစ် ငွေကျပ်ဘီလီယံ ၁၅၀ ဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေတို့မှ ငွေကျပ် ဘီလီယံ ၅၀၀ အပါအဝင် ဗဟိုဘဏ်မှ ၂၀၀ ဘီလီယံတို့ ပါဝင်သည့် မြေငလျင် ပြန်လည်ထူထောင်ရေး ရန်ပုံငွေတို့ဖြစ်ပြီး SOP ရေးဆွဲလျက်ရှိကြောင်း၊ ငလျင်ဘေးကြောင့် ပျက်စီးသွားခဲ့သည့် MSME လုပ်ငန်းများ၏ စိန်ခေါ်မှုမှာ ချေးငွေနှင့်ပတ်သက်၍ မူလချေးငွေများကိုအချို့က အချိုးကျပြန်ဆပ်သည်များရှိပြီးအချို့က ပြန်မဆပ်နိုင်သည်များရှိသည့်အပြင် အချို့လုပ်ငန်းရှင်များက နေရာစုံမှ ငွေကြေးချေးငှားမှုများ ရှိနေမှုအပေါ် စိစစ်ရသည်များလည်း ရှိပါကြောင်း၊ မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းရှင်များအနေဖြင့် အရင်းအနှီးပြန်လည်ထူထောင်ရေး ကိစ္စတွင် အခက်အခဲများရှိပါက အေဂျင်စီများမှ တစ်ဆင့် လုပ်ငန်းကော်မတီသို့ တင်ပြစေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ထားသည့် မိမိလုပ်ငန်းနှင့် ဒေသမှထွက်သည့် ကုန်ကြမ်းကို အခြေခံပြီး တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်နိုင်ရန်နှင့် ပြည်တွင်း သုံးစွဲမှုမှတစ်ဆင့် ပြည်ပသို့ အရည်အသွေးမြင့် ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်သည်အထိ ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ် ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” တို့ကို စီးပွားရေးဦးတည်ချက်များနှင့် ချိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းထုတ်ကုန် အားပေးမြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေးနှင့် အမယ်သစ်ပို့ကုန်ရရှိရေးဟူသည့် ရည်ရွယ်ချက်များဖြင့် အလေးပေးဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများ ပိုမိုအားပေးမြှင့်တင်နိုင်ရန်အတွက် မူဝါဒပိုင်းဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာများနှင့် ငွေကြေးအရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးပြီး စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၏ ထုတ်ကုန်အမျိုးအစားများအလိုက် တူညီသည့် အမျိုးအစား၊ ထုတ်ကုန်များကို စုစည်းနိုင်မှသာ တစ်နှစ်ထွက်ရှိနိုင်သည့် တစ်နိုင်ငံလုံး တစ်နှစ် ထုတ်လုပ်ရရှိနိုင်မည့် ပမာဏကိန်းဂဏန်းကို ရရှိနိုင် မည်ဖြစ်ကြောင်း၊ ထိုအချက်များအပေါ် မူတည်၍ ပြည်ပသို့တင်ပို့နိုင်ရေးအတွက် စီမံရာတွင် သက်ဆိုင်ရာပို့ကုန်အမယ်များအလိုက် နိုင်ငံတကာဈေးကွက်မှ သတ်မှတ်လိုအပ်ချက်များနှင့် ကိုက်ညီစေရေး စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုသို့စနစ်တကျဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာက ဈေးကွက်တွင် ယုံကြည်မှုရှိသည့် ဈေးကွက်နှင့် ဖောက်သည်အဖြစ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ အာမခံချက်ဖြင့် ဈေးကွက်ရှာဖွေသည့် အဆင့်သို့ ရောက်ရှိအောင် ကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ အေဂျင်စီများက MSME လုပ်ငန်းရှင်များကို ကူညီပံ့ပိုးပေးသွားရမည် ဖြစ်ကြောင်း၊ စနစ်တကျဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး MSME လုပ်ငန်းဖြစ်ရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်က ပံ့ပိုးပေးရမည့်အပိုင်းနှင့် လုပ်ငန်းရှင်များက ပြန်ပြီးတုံ့ပြန်ပေးရမည့်အပိုင်းများကို ကြန့်ကြာမှုမရှိဘဲ မူဘောင်အတွင်းမှ အဆင့်ဆင့်ချိတ်ဆက်ပြီး အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးမင်းထွဋ်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က ဖတ်ကြားတင်ပြကြသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒေါက်တာချာလီသန်းတို့က MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ MSME ချေးငွေဆိုင်ရာကိစ္စရပ်များ၊ MSME လုပ်ငန်း တာဝန် (၁၄) ရပ်နှင့်စပ်လျဉ်း၍ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ MSME လုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းဆွေးနွေး

ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အသင်းအဖွဲ့များမှ ပညာရှင်များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့် လမ်းညွှန်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပကုန်စည်ပြပွဲများတွင် MSME ထုတ်ကုန်များ ပါဝင်ပြသခဲ့မှု၊ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေမှု၊ ပြည်တွင်း ပြည်ပ ဈေးကွက်သုတေသန လုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက် လျက်ရှိမှု၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် MSME လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးနေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ မူဘောင်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးအပြီးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အစည်းအဝေး တက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်းပြသထားသည့် နေပြည်တော်ကောင်စီနယ်မြေမှ ထုတ်လုပ်လျက်ရှိသည့် ဒေသထွက် MSME ထုတ်ကုန်များနှင့် ပြည်ပသို့ တင်ပို့လျက်ရှိသည့် တန်ဖိုးမြင့် MSME ထုတ်ကုန်များကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်