နေပြည်တော် ဇူလိုင် ၂၄
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operat-ion) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ ပညာရေးကဏ္ဍတွင် နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းတက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် ပညာသင်ကြားပေးကြမည့် ဆရာ ဆရာမများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ တပ်မတော်မှတာဝန်ရှိသူများ၊ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ ဗိုလ်မှူးကြီးမြင့်ဟိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ် ၁၈၀၀၀၀၊ ခဲတံ ဒါဇင် ၃၈၆၀၊ ဘောပင်အချောင်း ၃၀၀၀ နှင့် ကျောင်းဝတ်စုံ ၂၀၀ တို့ကိုလည်းကောင်း၊ ဆရာဆရာမများအတွက် တပ်မတော်က ချီးမြှင့်ပေးအပ်သည့် ကျောင်းဝတ်စုံ ၁၇၆ စုံတို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာ တတ်မြောက်မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်သောကြောင့် ပညာရေးကဏ္ဍ၏ အခြေခံအကျဆုံးဖြစ်သည့် အခြေခံပညာ ကျောင်းများ၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်နှင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင် ရေးအတွက် နိုင်ငံတော်အစိုးရက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့မှ ကျောင်းသား ကျောင်းသူများသည်လည်း အခြားအေးချမ်းသည့်ဒေသများရှိ ကျောင်းသားကျောင်းသူများနည်းတူ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုတို့ပူးပေါင်း၍ အလေးပေးဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ ဆရာမ
ကျောင်းသား ကျောင်းသူတွေအတွက် ပညာရေးဝန်ကြီးဌာနကနေပြီးတော့ ကျောင်းဝတ်စုံတွေ၊ ကျောင်းသုံးဗလာစာအုပ်တွေ၊ ပုံနှိပ်စာအုပ်တွေ၊ သင်ထောက်ကူ ပစ္စည်းတွေ ထောက်ပံ့ပြီးတော့ မြန်မာ့တပ်မတော်ကလည်း ဆရာ ဆရာမတွေအတွက် တိုက်ပုံအင်္ကျီနဲ့ အဖြူအစိမ်းကျောင်းဝတ်စုံများကို ထောက်ပံ့ပေးပါတယ်။ ၁၉ ရက်နေ့မှာ ကျွန်မတို့ နောင်ချို မြို့ထဲကို ပြန်ဝင်လာပြီးတဲ့အခါမှာ ကျောင်းတွေကို လှည့်လည်ပြီးကြည့်ရှုပါတယ်။ အထက( ၁ ) ကို ဦးစားပေးအနေနဲ့ ဖွင့်ဖို့အတွက် ၂၀ ရက်နေ့မှာ တပ်မတော်ရဲ့ အကူအညီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့အကူအညီနဲ့ သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ပါတယ်။ လူထုတွေ့ဆုံပွဲတွေ ဆောင်ရွက်ခဲ့ပြီးတော့ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် အသိပညာတွေပေးခဲ့ပါတယ်။ အသိပညာတွေ ပေးပြီးတဲ့အခါမှာ ၂၂ ရက်နေ့မှာ ကျောင်းသားတွေကို စတင်ပြီးတော့ ကျောင်းအပ်လက်ခံခဲ့ပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ ကျောင်းပေါင်း ၉ ကျောင်းက ကျောင်းသားတွေလည်း အထက (၁)မှာပဲ ပထမဆုံး ကျောင်းအပ်လက်ခံခဲ့ပြီးတော့ ဦးစားပေးအနေနဲ့ ဖွင့်လှစ်ဖို့အတွက် အကြီးအကဲတွေက စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အခုလိုမျိုး မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး အေးချမ်းသွားတဲ့အချိန်မှာ ကျွန်မတို့ပြန်လည် ဝင်ရောက်လာပါတယ်။ ကျွန်မတို့ရဲ့ မိဘတွေ၊ ကျောင်းသား ကျောင်းသူတွေကိုမြင်တွေ့ရတဲ့အခါမှာ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။ ကျောင်းဖွင့်ပေးတဲ့ အချိန်မှာ ကြီးကြပ်ကူညီပေးတဲ့ မြန်မာ့တပ်မတော်နဲ့ဌာနဆိုင်ရာ အဖွဲ့တွေရဲ့ဦးဆောင်မှုနဲ့ ဒီကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်နိုင်တဲ့အတွက် ကျွန်မအနေနဲ့ အတိုင်းမသိဝမ်းသာကြည်နူးရပါတယ်။
၂။ ကျောင်းသားမိဘ
အခုလို ကျောင်းတွေပြန်ဖွင့်တော့ ကျွန်မတို့ ကျောင်းသားမိဘတွေလည်း အတိုင်းမသိဝမ်းသာရပါတယ်။ စာအုပ်တွေ၊ ခဲတံတွေ၊ ကျောင်းဝတ်စုံတွေပေးတော့ ကျွန်မတို့ကျောင်းသား မိဘတွေအတွက် အများကြီးအဆင်ပြေတဲ့အတွက်ကြောင့် အကြီးအကဲတွေကို အထူးပဲကျေးဇူးတင်ရှိပါတယ်။
သတင်းစဉ်