နေပြည်တော် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင် ၂၂ ရက်မှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ကျောင်းသား ကျောင်းသူ ၃၀ လာရောက် ကျောင်းအပ်နှံကြပြီးကျောင်းအပ်နှံမှု အဆင်ပြေချောမွေ့စေရန်အတွက် တပ်မတော်သားများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံမိဘ ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသည်။ အဆိုပါ ကျောင်းအပ်နှံရေးနေ့ကို ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ သတ်မှတ်ထားပြီး ယနေ့အထိ ကျောင်းသား ကျောင်းသူ ၄၅၆ ဦး လာရောက် အပ်နှံထားကြောင်းသိရသည်။ ထိုသို့ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်းသပ်ရပ်စွာနှင့် လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်သားများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးထားခဲ့ခြင်းဖြစ်သည်။
နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသား ပြည်သူ ၁၂၁ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးကြသည်။
ထို့ပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဌာနဆိုင်ရာ ဝန်ထမ်းများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ဆယ်တင်ပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ် ခြင်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်