Skip to main content

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် (၉၈) နှစ်မြောက် အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၄

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၈) နှစ်မြောက် အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီးတက်ရောက်သည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် အဆိုပါအခမ်းအနားကျင်းပသည့်နေရာသို့ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Qu Zhe နှင့်ဇနီး၊ တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး ခန်းမအတွင်း ပြသထားသော မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ 

အစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် (၉၈) နှစ်မြောက် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ မှတ်တမ်းဗီဒီယိုကို ပြသသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Qu Zhe က နှုတ်ခွန်းဆက်စကားပြောကြားသည်။

အမှတ်တရစုပေါင်းဓာတ်ပုံရိုက်

ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၊ တရုတ်စစ်သံမှူးနှင့်ဇနီးတို့က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် (၉၈) နှစ်မြောက် အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တရုတ်စစ်သံမှူးတို့က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသတင်းရရှိသည်။     

သတင်းစဉ်